ကမ္ဘာ့အလျှို့ဝှက်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သော တာမင်နစ္စတန်ရှိ ကက်စပီယန်ပင်လယ်ကမ်းရိုးတန်းပေါ်တွင် ဘတ်တားယူဆူပေါ့သည် ခရီးသည်များကို ဆိပ်ကမ်းနှစ်ခုအကြားတွင် ကူတို့ပို့ပေးနိုင်ခြင်းမရှိတော့ပါ။ ရေသည် အလုံအလောက် မရှိတော့ပါ။
“ကျွန်တော်က တာမင်ဘာရှီနဲ့ ဟာဇာအကြားကို သွားလေ့ရှိပါတယ်”ဟု အသက် ၃၆ နှစ်အရွယ်ရှိ ကူတို့လုပ်သားကပြောသည်။ တာမင်နစ္စတန်ကမ်းရိုးတန်းပေါ်တွင် ပင်လယ်ကွေ့ငယ်က ပိုင်းခြားထားသော ဆိပ်ကမ်းနှစ်ခုအကြောင်းကို သူကပြောခြင်းဖြစ်သည်။
“ဒါပေမဲ့ ကက်စပီယန်ဟာ စိုးရိမ်စရာကောင်းလောက်အောင် ကျုံ့လာတာကြောင့် ကျွန်တော်တို့ အဲဒီကိုမသွားတာ တစ်နှစ်လောက်ရှိပါပြီ”ဟု ၎င်းက ပြောသည်။
ပင်လယ်ကမ်းစပ် မြို့တစ်မြို့က ရေကူးသူများသည် ရေများမီတာရာချီ၍ လျော့သွားသည်ကို သတိထားမိကြသည်။
သို့ရာတွင် ကူတို့လမ်းကြောင်းများ ပြောင်းလဲသွားခြင်းကြောင့်မဟုတ်ပါ။ သို့တည်းမဟုတ် အဆင် ပြေပြေရေကူးနိုင်ရေးအတွက် လမ်းကြာကြာလျှောက်ရခြင်းကြောင့် လည်းမဟုတ်ပါ။ ယင်းအပြောင်းအ လဲများက တာမင်နစ္စတန်နိုင်ငံ၏ ရုန်းကန်နေရသော စီးပွားရေး၏ ဗဟိုတည့်တည့်ကို ထိမှန်သွားသည်။
ရေမျက်နှာပြင်သည် တစ်နှစ်ပြီးတစ်နှစ် ကျဆင်းနေသည်။
အဘယ်ကြောင့် ရေများလျော့နည်းသွားသလဲဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိကြသေးပါ။ ရာသီဥ တုပြောင်းလဲမှုကြောင့် ပိုဆိုးလာသော သဘာဝအလျောက် ဖြစ်စဉ်များက ရေများကို လျော့နည်းစေသည်ဟု သိပ္ပံပညာရှင်များက ပြောသည်။
၂၀၂၁ ခုနှစ်တွင် လုပ်ဆောင်ခဲ့သော လေ့လာချက်တစ်ခုက ခန့်မှန်းထားသည်မှာ ၂၁၀၀ ပြည့်နှစ်လောက်တွင် ကက်စပီယန်ပင်လယ်ထဲက ရေမျက်နှာပြင်သည် နောက်ထပ် ရှစ်မီတာမှ ၃၀ မီတာ(၂၆ ပေမှ ၉၈ ပေ)အထိ လျော့နည်းသွားနိုင်သည်ဟု ဆိုပါသည်။
ကုန်းတွင်း ရေအိုင်ကြီးဖြစ်သော ကက်စပီယန်ပင်လယ်ကို အနောက်ဘက်တွင် ကောကေးဆပ်ဒေသနှင့် အရှေ့ဘက်တွင် အာရှအလယ်ပိုင်းတို့က ဝန်းရံထားသည်။
ဆိုဗီယက်ပြည်ထောင်စုဝင်ဟောင်းဖြစ်သော တာမင်နစ္စတန်သည် အဇာဘိုင်ဂျန်၊ ကာဇက်စတန်၊ အီရန်၊ ရုရှားတို့နှင့်အတူ ကက်စပီယန်ပင်လယ်ပေါ်ရှိ ငါးနိုင်ငံထဲက တစ်နိုင်ငံဖြစ်သည်။
ထိုနိုင်ငံအားလုံးသည် အပြောင်းအလဲများ၏ သက်ရောက်မှုများကို တစ်နည်းမဟုတ် တစ်နည်းခံနေကြရသည်။
တာမင်ဘာရှီ၏ တောင်ဘက်ပင်လယ်ဘေးကမြို့ ဟာဇာတွင် ကမ်းခြေသည် နှစ်ဖက်စလုံးတွင် မီတာ ၈၀၀(မိုင်ဝက်) ဝန်းကျင် ဆုတ်သွားသည်ကို ဂြိုဟ်တုဓာတ်ပုံများတွင် မြင်ရသည်။
ယင်းသည် ကျွန်းဆွယ်အဆုံး၌ရှိသောမြို့ကို ကျွန်းအဖြစ်ပြောင်း လဲသွားစေသည်။
ယူဆူပေါ့သည် ဟာဇားနှင့် တာမင်ဘာရှီအကြား ကူတို့သင်္ဘော ကိုမောင်းနှင်ခြင်းမပြုတော့ဘဲ ခရီးသည်များကို ဂီဆိုဆူးသို့ ပို့ပေးသည်။ ဂဂီဆိုဆူးသည် ဟာဇားနှင့်တာမင်ဘာရှီအကြားတွင်တည်ရှိပြီး သင်္ဘောဖြင့်သွားရ ပိုလွယ်သည်။
သို့သော်လည်း ဂီဆိုဆူးတွင်လည်း အခြေအနေသည်ပိုမကောင်းသည်ဟု မဆိုသာ။
ဆိပ်ခံဗောတံတားဟောင်းသည် အလုံအလောက်မနက်တော့သောကြောင့် ဆိပ်ခံတံတားသစ်တစ်ခုကို တည် ဆောက်နေသည်ဟု ဒေသခံ အေရှာက ပြောသည်။
သံချေးတက်နေသော သင်္ဘောဒါဇင်ပေါင်းများစွာသည် ဂီဆိုဆူး ကမ်းရိုးတန်းတွင် တန်းစီနေသည်။
အေရှာ၏အိမ်သည် ဒေါက်တိုင်များရှိသည်။ ထိုဒေါက်တိုင်များက အိမ်ကိုပင်လယ်ဒဏ်မှ အ ကာအကွယ်ပေးထားသည်ဆိုသော်လည်း ယခုအခါ အိမ်သည်ဒေါက်တိုင်ရှည်များ မလိုတော့ပါ။
“မုန်တိုင်းတွေကျတဲ့အချိန်မှာတောင် ရေဟာ အိမ်ဆီကို ရောက်မလာတော့ပါဘူး”ဟု အေရှာက ပြောသည်။
တာမင်နစ္စတန်၏အကြီးဆုံး ကမ်းရိုးတန်းမြို့ဖြစ်သော တာမင်ဘာရှီတွင် ပြောင်းလဲနေသော ကမ်းရိုးတန်းသည် ရေကူးသမားများအတွက် သိသာထင်ရှားနေသည်။
“မနှစ်ကတော့ ရေဟာ ကျွန်တော့် ပခုံးအထိရောက်တယ်။ နောက်တော့ ရေဟာခါးလောက်ပဲရှိ တော့တယ်။ အခုတော့ ကျွန်တော့်ရဲ့ ဒူးအောက်ကိုရောက်နေပါတယ်”ဟု အသက် ၃၅ နှစ်အရွယ်ရှိ လတ်မီလာယီစီနိုဗာက ပြောသည်။ သူသည် ပုံမှန်ရေကူးသူဖြစ်သည်။
လျော့နည်းလာသော ရေများက တာမင်ဘာရှီ၏ရေကြောင်း အခြေခံအဆောက်အအုံများကို ခြိမ်း ခြောက်နေသည်။ တာမင်ဘာရှီသည် ဥရောပနှင့်အာရှတို့ ကုန်သွယ်ရေးအတွက် အာရှအလယ်ပိုင်းက ဆိပ်ကမ်းကြီးတစ်ခုဖြစ်သည်။ တာမင်ဘာရှီ၏တစ်ဘက်ကမ်းတွင် အဇာဘိုင်ဂျန်မြို့တော်ဘာကူးရှိနေသည်။