ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို တရုတ်တိုက်လေယာဉ် ရှစ်စင်းနှင့် တရုတ်မိုးပျံပူဖောင်းတစ်လုံး ဖြတ်သန်းဝင်ရောက်ခဲ့ကြောင်း ထောက်လှမ်းတွေ့ရှိခဲ့သည်ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
တရုတ်၏ အချုပ်အခြာအာဏာပိုင်နယ်မြေဖြစ်ကြောင်း ကြေညာခံထားရသည့် ထိုင်ဝမ်သည် ပြီးခဲ့သည့် လေးနှစ်အတွင်း ၎င်းကျွန်းအနီးဝန်းကျင်တွင် တရုတ်စစ်တပ်၏ လှုပ်ရှားမှုများနှင့်ပတ်သက်ပြီး မကြာခဏ စောဒကတက်ခဲ့သည်။
ထိုင်ဝမ်တွင် ဇန်နဝါရီ ၁၃ ရက်၌ပြုလုပ်မည့် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော်ရွေးကောက်ပွဲများ နီးကပ်လာချိန်၌ တရုတ်သည် ထိုင်ဝမ်အနီးတွင် ၎င်း၏လှုပ်ရှားမှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့သည်။
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကမူ တရုတ်၏ J-10 ၊ J-11 နှင့် J-16 တိုက်လေယာဉ်များသည် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းကို ဖြတ်သန်းခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုင်ဝမ်ရေလက်ကြားအတွင်းရှိ အလယ်စည်းသည် တစ်ချိန်က တရုတ်နှင့် ထိုင်ဝမ်အကြား တရားမဝင် အတားအဆီးတစ်ခုအဖြစ် ရှုမြင်ခံခဲ့ရသော်လည်း လက်ရှိတွင် တရုတ်လေယာဉ်များသည် ယင်းစည်းပေါ်မှ ဖြတ်သန်းပြီး မောင်းနှင်ပျံသန်းမှုများကို ပုံမှန် လုပ်ဆောင်လျက်ရှိသည်။
ထိုင်ဝမ်အနေနှင့် အခြေအနေကို စောင့်ကြည့်ရန် ၎င်း၏တပ်ဖွဲ့များကို ဖြန့်ကြက်ခဲ့သည်ဟုလည်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ထို့ပြင် ထိုင်ဝမ်ရေလက်ကြားပေါ်တွင် တရုတ်မိုးပျံပူဖောင်းတစ်လုံးကိုလည်း ထပ်မံတွေ့ရှိခဲ့ပြီး ထိုပူဖောင်းသည် မိုးလေဝသလေ့လာရေး မိုးပျံပူဖောင်းဖြစ်နိုင်ခြေရှိကြောင်း ထိုင်ဝမ်က ပြောကြားခဲ့သည်။
ထိုမိုးပျံပူဖောင်းသည် ဒီဇင်ဘာ ၁၃ ရက်က ထိုင်ဝမ်၏ ကီလန်းဆိပ်ကမ်း၏ အနောက်မြောက်ဘက် ရေမိုင် ၉၇ မိုင်အကွာအဝေးတွင် ထိုင်ဝမ်ရေလက်ကြား၏ အလယ်စည်းပေါ်မှ ဖြတ်သန်းခဲ့ကြောင်း ထိုင်ဝမ်ကာ ကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။
ထိုင်ဝမ်သမ္မတရွေးကောက်ပွဲ ကျင်းပရန် သီတင်းပတ်သုံးပတ်သာလိုတော့စဉ် တရုတ်က စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ကာ ထိုင်ဝမ်ရေလက်ကြားအလယ်မျဉ်းကို လေယာဉ်များ ဖြတ်ကျော်မှုအပါအဝင် ထိုင်ဝမ်ကျွန်းအနီးတစ်ဝိုက်တွင် တရုတ်စစ် လေယာဉ်များနှင့် စစ်သင်္ဘောများကို တွေ့ရှိရကြောင်း ထိုင်ဝမ်က ဒီဇင်ဘာ ၂၃ ရက်ကလည်း ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ အာဏာရ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) ကိုယ်စားပြု သမ္မတလောင်း လိုင်ချင်းတယ်သည် လာမည့်ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ထိပ်ဆုံးမှရေပန်းစားနေသည်ဟု လူထုစစ်တမ်းများအရ သိရသည်။ တရုတ်ကမူ ၎င်းကို ခွဲထွက်ရေးသမားဖြစ်သည်ဟု ရှုတ်ချထားသည်။
ထိုင်ဝမ်၏ အဓိကအတိုက်အခံပါတီဖြစ်သည့် ကူမင်တန်ပါတီကမူ တရုတ်နှင့်ဆက်ဆံရေး နီးကပ်မှုကို အစဉ်တစိုက် ထောက်ခံခဲ့ပြီး လာမည့်ရွေးကောက်ပွဲတွင် ၎င်းတို့အနိုင်ရခဲ့မည်ဆိုလျှင် တရုတ်နှင့် ဆွေးနွေးမှုများပြန်လည်လုပ်ဆောင်မည်ဟု ကတိပြုထားသည်။
သို့သော် ထိုင်ဝမ်၏အနာဂတ်ကို ထိုင်ဝမ်ပြည်သူများသာလျှင် ဆုံးဖြတ်နိုင်သည်ဟု ကူမင်တန်ပါတီက ပြောဆိုထားသည်။
အမေရိကန်ကလည်း တရုတ်အနေနှင့် ထိုင်ဝမ်သမ္မတရွေးကောက်ပွဲကို ဝင်ရောက် စွက်ဖက်ခြင်းမပြုရန် သတိပေးခဲ့သည်။