၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံ၏ လေထုညစ်ညမ်းမှုသည် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုမိုဆိုးရွားလာခဲ့သည်ဟု ဒီဇင်ဘာ ၂၁ ရက်တွင် စွမ်းအင်နှင့်သန့်ရှင်းသောလေထုဆိုင်ရာစင်တာ(CREA)က ထုတ်ပြန်သောလေ့လာတွေ့ရှိချက်တစ်ရပ်တွင် ဖော်ပြထားသည်။
“တရုတ်နိုင်ငံရဲ့ လေထုညစ်ညမ်းမှုစစ်ပွဲစတင်တဲ့ ၂၀၁၃ ခုနှစ်နောက်ပိုင်း ၂၀၂၃ ခုနှစ်ဟာ တရုတ်ရဲ့ ပျမ်းမျှ PM2.5 အဆင့်တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာတဲ့ ပထမဆုံးနှစ်ဖြစ်ပါတယ်”ဟု လွတ်လပ်သောသုတေသနအဖွဲ့အစည်းဖြစ်သည့် စွမ်းအင်နှင့်သန့်ရှင်းသောလေထုဆိုင်ရာစင်တာ(CREA) ၏ လေ့လာချက်တစ်ရပ်တွင် တွေ့ရှိခဲ့သည်။
PM2.5 အမှုန်အမွှားများကို ရှူသွင်းမိလျှင် ဆိုးရွားသောကျန်းမာရေးအန္တရာယ်သက်ရောက်နိုင်ကာ ၎င်းသည် နှလုံးသို့မဟုတ် အဆုတ်ရောဂါဖြင့် အရွယ်မတိုင်မီသေဆုံးမှု၊ အသက်ရှူလမ်းကြောင်းပြဿနာ နှင့်အခြားကျန်းမာရေးပြဿနာများနှင့် ဆက်နွှယ်နေသည်ဟု အမေရိကန်သဘာဝပတ်ဝန်းကျင် ကာကွယ်ရေးအေဂျင်စီက ဆိုသည်။
ပေကျင်းမြို့တော်အပါအဝင် တရုတ်နိုင်ငံ၏မြို့များသည် တစ်ချိန်က အထူးသဖြင့် ဆောင်းရာသီတွင် ထူထပ်သောမီးခိုးမြူများ ဖုံးလွှမ်းနေသည်ဟု အမည်ဆိုးဖြင့်လူသိများသည်။
သို့သော် တရုတ်သည် ၂၀၁၅ ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရရှိခဲ့ပြီးနောက် လေထုညစ်ညမ်းမှုတိုက်ဖျက်ရေးကို ကြေညာခဲ့ပြီး ဒါဇင်နှင့်ချီသော ကျောက်မီးသွေးစက်ရုံများကို ပိတ်သိမ်းခဲ့ကာ အကြီးစားစက်မှုလုပ်ငန်းများကို ပြောင်းရွှေ့နေရာချထားသည်။
ယင်းနောက်ပိုင်းတွင် လေထုညစ်ညမ်းမှုအခြေအနေတွင် သိသာသော တိုးတက်မှုများ ရှိလာခဲ့သော်လည်း လေထုအရည်အသွေးသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့စံချိန်စံညွှန်းများအောက်တွင် မကြာခဏရောက်ရှိနေတတ်သည်။