တရုတ်၊ မြောက်ကိုရီးယားတို့နှင့် တင်းမာမှု မြင့်တက်နေစဉ် လာမည့်ဘဏ္ဍာနှစ်အတွက် ဒေါ်လာ ၅၆ ဘီလျံ အသုံးပြုမည့် စံချိန်တင် ကာကွယ်ရေးဘတ်ဂျက်ကို ဂျပန်က ဒီဇင်ဘာ ၂၂ ရက်တွင် အတည်ပြုခဲ့သည်။
၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် အဆိုပြုလျာထားသည့် ယန်း ၇ ဒသမ ၉၅ ထရီလျံ (ဒေါ်လာ ၅၆ ဘီလျံ)ကို ဂျပန်အစိုးရအဖွဲ့က အတည်ပြုခဲ့ပြီး လာမည့်နှစ်အနည်းငယ်အတွင်း ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် ဝန်ကြီးချုပ် ဖုမိယို ကိရှိဒ၏ ကတိပြုချက်နှင့်အညီ တိုးမြှင့်ခဲ့ခြင်းဖြစ်သည်။
ဂျပန်၏ စစ်ပြီးခေတ် စစ်ဆန့်ကျင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၎င်းတို့၏စစ် ရေးစွမ်းရည်ကို မိမိကိုယ်ကိုယ် ကာကွယ်မည့် အစီအမံများအတွက်သာ တည်ဆောက်ရန် ကန့်သတ်ထားပုံရသည်။
သို့သော် ယမန်နှစ်တွင် ဂျပန်သည် ၎င်း၏ လုံခြုံရေးနှင့် ကာကွယ်ရေးမူဝါဒများကို ပြင်ဆင်မွမ်းမံခဲ့ပြီး တရုတ်၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍လည်း တိတိကျကျ ဖော်ပြခဲ့ကာ ၂၀၂၇ ခုနှစ်အရောက်တွင် ကာကွယ်ရေး အသုံးစရိတ်ကို နေတိုးမဟာမိတ်အဖွဲ့၏ စံနှုန်းအတိုင်း နိုင်ငံ့ဂျီဒီပီ၏ နှစ်ရာခိုင်နှုန်းအထိ တိုးမြှင့်မည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာထားသည်။
ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ကြေညာခဲ့သည့် ကာကွယ်ရေးဘတ်ဂျက်တွင် အမေရိကန်လုပ် Aegis ဒုံးခွင်းဒုံးစနစ်များ တပ်ဆင်မည့် စစ်သင်္ဘောအသစ်နှစ်စင်း တည်ဆောက်ရန် ယန်း ၃၇၀ ဘီလျံ အသုံးပြုမည့် အစီအစဉ် ပါဝင်သည်။
ထို့ပြင် ဂျပန်သည် ဒုံးလက်နက်များဝယ်ယူခြင်းကဲ့သို့ လိပ်ခဲတည်းလည်းဖြစ်နေသည့် ကာကွယ်ရေးစွမ်းရည် ဖြည့်တင်းရေးအတွက် ယန်း ၇၃၄ ဘီလျံ သုံးစွဲရန်လည်း စီစဉ်ထားကြောင်း သိရသည်။
ဂျပန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များ နေရာပြောင်းရွှေ့ အခြေစိုက်ခြင်းအတွက် ဂျပန်က အမေရိကန်ကိုပေးချေရန် သဘောတူထားသည့် ကုန်ကျစရိတ်များလည်း ပါဝင်မည်ဖြစ်သည်။
၎င်းကာကွယ်ရေးဘတ်ဂျက်သည် ဂျပန်က လာမည့်ဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ရည်ရွယ်ထားသော ယန်း ၁၁၂ ထရီလျံ (ဒေါ်လာ ၇၈၇ ဘီလျံ)ထဲတွင် အပါအဝင်ဖြစ်သည်။ ယင်းပမာဏသည် ယမန်နှစ်တွင် စံချိန်တင် အသုံးပြုခဲ့သည့် ယန်း ၁၁၄ ဒသမ ၄ ထရီလျံမှ လျှော့ချခဲ့ခြင်းဖြစ်သည်။
တရုတ်၏ စစ်ရေးရည်မှန်းချက်များ ချဲ့ထွင်မှုအပေါ် စိုးရိမ်နေသည့် ဂျပန်သည် နိုင်ငံ၏ ကာကွယ်ရေးစွမ်းရည်ကို သိသိသာသာ မြှင့်တင်ရန် ဆန္ဒရှိနေသည်။ ရုရှားက ယူကရိန်းကို ကျူးကျော်ခဲ့ခြင်းကြောင့်လည်း တရုတ်က ၎င်း၏ပိုင်နက်ဖြစ်ကြောင်း အခိုင်အမာပြောဆိုထားသည့် ထိုင်ဝမ်ကျွန်းကို သိမ်းယူရန် လုပ်ဆောင်လာနိုင်သည့်အပေါ် စိုးရိမ်မှုများ ဖြစ်ပေါ်စေခဲ့သည်။
မြောက်ကိုရီးယားက ဒုံးကျည်စမ်းသပ်မှုများကို အရှိန်မြှင့် လုပ်ဆောင်နေခြင်းနှင့် နျူကလီးယားစမ်းသပ်မှုများ လုပ်ဆောင်လာနိုင်သည့် အခြေအနေတို့ကြောင့်လည်း ဂျပန်၏ ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရေးအတွက် တွန်းအားဖြစ်စေခဲ့သည်။
ဂျပန်သည် အမေရိကန်ထံမှ တိုမာဟော့ခ်ဒုံးကျည် အစင်း ၄၀၀ ဝယ်ယူမည်ဖြစ်ကြောင်း ကိရှိဒက ယခုနှစ်အစောပိုင်းတွင် ပြောကြားထားသည်။ ဂျပန်သည် ပြည်ပသို့ စစ်လက်နက်တင်ပို့မှုအပေါ် ထိန်းချုပ်ထား ခြင်းကိုလည်း ဖြေလျှော့ခဲ့သည်။