အာဆင်နယ်နည်းပြ အာတီတာက အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းနှင့်ကစားမည့်ပွဲမှာ ပြင်းထန်ခက်ခဲသည့် ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လီဗာပူးလ်အသင်းကို အနိုင်ယူရန် ပြင်ဆင်ထားကြောင်း ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်းတွင် အနိုင်ရခဲ့သည်မှာ ၂၀၁၂-၁၃ ရာသီက နောက်ဆုံးဖြစ်ပြီး အန်ဖီးလ်ကွင်းတွင် ကစားခဲ့သည့် ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲတွင် နိုင်ပွဲ လုံးဝမရှိတော့ဘဲ သုံးပွဲသရေကျကာ ခုနစ်ပွဲအထိ ရှုံးနိမ့်ထားသည်။
အာဆင်နယ်အသင်းအနေဖြင့် ပရီးမီးယားလိဂ်တွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်းတွင် အနိုင်ရခဲ့သည်မှာ ၂၀၁၂ စက်တင်ဘာလကဖြစ်ပြီး (၀-၂) ဂိုးဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လက်ရှိအာဆင်နယ်နည်းပြ အာတီတာသည် အာဆင်နယ်အသင်းတွင် အသင်းခေါင်းဆောင်အဖြစ် ကစားနေဆဲဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် အာတီတာက အန်ဖီးလ်ကွင်းတွင် လီဗာပူးလ်အသင်းကို အနိုင်ရသည့်ခံစားချက်မှာ အလွန်ကောင်းမွန်ပြီး အာဆင်နယ်ကစားသမားများအနေဖြင့် ယနေ့ကစားမည့်ပွဲတွင် ယင်းခံစားချက်ကို ခံစားနိုင်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အာတီတာက “အန်ဖီးလ်မှာ လီဗာပူးလ်အသင်းကို အနိုင်ရခဲ့တာ အတော်လေးကြာပါပြီ။ အန်ဖီးလ်မှာ သူတို့ကို အနိုင်ရတဲ့ ခံစားချက်က တော်တော်လေးကောင်းပါတယ်။ အခု ကျွန်တော်တို့အနေနဲ့ အဲဒီခံစားချက်ကို ပြန်လည်ခံစားနိုင်ဖို့ အခွင့်အရေးရှိနေပါ တယ်။ ကစားရတဲ့ပွဲစဉ်တိုင်းကတော့ တစ်ပွဲနဲ့တစ်ပွဲ မတူပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ပြင်ဆင်ရတာတွေလည်း တစ်ပွဲနဲ့ တစ်ပွဲမတူပါဘူး။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ (၂-၂) ဂိုးနဲ့ သရေကျအောင် ကစားနိုင်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို ကစားသမားတစ်ယောက်အနေနဲ့ ကျွန်တော် အနိုင်ယူခဲ့ပါတယ်။ အခုတော့ ကျွန်တော်က အာဆင်နယ်အသင်းရဲ့နည်းပြ ဖြစ်နေပြီဖြစ်ပြီး အန်ဖီးလ်ကွင်းမှာ အနိုင်ရရင် ဘယ်လိုခံစားရတယ်ဆိုတာကို အသင်းကစားသမားတွေကို ခံစားစေချင်ပါတယ်” ဟု ပြောကြားခဲ့သည်။
ထို့ပြင် အာတီတာက အန်ဖီးလ်ကွင်းတွင် ကစားမည့်ပွဲမှာ နှစ်သင်းစလုံးအတွက် ပြင်းထန်ခက်ခဲသည့် ပွဲစဉ်ဖြစ်လာမည်ဖြစ်ပြီး ၎င်းတို့အနေဖြင့် လီဗာပူးလ်အသင်းကို အနိုင်ယူရန် ပြင်ဆင်ထားကြောင်းလည်း ပြောကြားခဲ့သည်။ “အန်ဖီးလ်ကွင်းက ပရိသတ် တွေရဲ့ အားပေးသံက ကျွန်တော်တို့နှစ်သင်းစလုံးအတွက် အရမ်းကောင်းနေမှာ သေချာပါတယ်။ လီဗာပူးလ်အသင်းအတွက် အားပေးသံတွေကတော့ ပိုပြီးဆူညံနေမှာပေါ့။ အန်ဖီးလ်ကွင်းမှာ ကစားရမယ့်ပွဲစဉ်က ပြင်းထန်ခက်ခဲတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ကျွန်တော်တို့အနေနဲ့ လီဗာပူးလ်အသင်းကို အနိုင်ရဖို့အတွက် ပြင်ဆင်ထားပြီး သူတို့ကို အနိုင်ယူသွားမှာပါ”ဟု အာတီတာက ပြောကြားခဲ့သည်။
အာဆင်နယ်အသင်းအနေဖြင့် ယနေ့ ကစားမည့်ပွဲတွင် လီဗာပူးလ်အသင်းအား အန်ဖီးလ်ကွင်း၌ အနိုင်ရခဲ့မည်ဆိုပါက ပရီးမီးယားလိဂ်ပွဲစဉ် ၁၈ အပြီးတွင် ရမှတ် ၄၂ ဖြင့် အမှတ်ပေးဇယားကို ခရစ္စမတ်ကာလအတွင်း ဆက်လက်ဦးဆောင်နိုင်မည်ဖြစ်သည်။