မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်တွင် MARK II မော်တော်ယာဉ်ပေါ်မှ ငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း CCDAC MYANMAR ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရပါသည်။
ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီခွဲခန့်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ ၁၁၅ လမ်းနှင့် ၆၅ လမ်းထောင့်တွင် ဟိန်းထက်အောင် မောင်းနှင်လာသည့် MARK II မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေခဲ့ကြသည်။
အဆိုပါ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုးငွေကျပ် ၁ ဘီလျံကျော်တန်ဖိုးရှိ အိုက်စ်(မက်သ်အဖက်တမင်း) ၅၂ ကီလို သိမ်းဆည်းရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ စစ်ဆေးချက်အရ ဒီဇင်ဘာ ၁၉ ရက် ညနေ ၅ နာရီတွင် ပြည်ကြီးတံခွန်မြို့နယ်၊ တံခွန်တိုင်ရပ်ကွက်၊ ရန်ကုန်-မန္တလေးလမ်းနှင့် ရန်အောင်မင်္ဂလာလမ်းထောင့်တွင် အိုက်စ်(မက်သ်အဖက်တမင်း)များ သယ်ဆောင်ခိုင်းသူ မနန်း(ခ)မရှမ်းမ(ခ)မနန်းရွှေလူ အား ဆက်လက်ဖမ်းဆီးရမိခဲ့ကြောင်း၊ တာဝန်ရှိသူများ၏ ဆက်လက် စစ်ဆေးဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်မှ ရန်ကုန်တိုင်းဒေသကြီးသို့ သယ်ယူ ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
အိုက်စ်(မက်သ်အဖက်တမင်း) များ သိမ်းဆည်းရမိခြင်းနှင့်ပတ်သက်ပြီး ၎င်းတို့ကို ဥပဒေအရ အရေးယူထားရှိကြောင်းနှင့် ကွင်းဆက်ပြစ်မှုကျူးလွန်သူများကို ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။