မန်ယူအသင်းသည် ဆိုစီဒက်အသင်းမှ ဂျပန်တောင်ပံကစားသမား ကူဘိုအား ခေါ်ယူရန် ကင်းထောက်များ စေလွှတ်ကာ စောင့်ကြည်နေကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြလျက်ရှိသည်။
အသက် ၂၂ နှစ်အရွယ်ရှိ ဂျပန်လက်ရွေးစင်တောင်ပံကစားသမား ကူဘိုသည် ၂၀၂၂ နွေရာသီအပြောင်းအရွှေ့ကာလတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဆိုစီဒက်အသင်း ထံသို့ ယူရို ၆ ဒသမ ၅ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။
၎င်းသည် ယခုရာသီတွင် ဆိုစီဒက်အသင်းအတွက် ခြေစွမ်းပြကစားနေပြီး ပြိုင်ပွဲစုံ ၁၇ ပွဲတွင် ခြောက်ဂိုးသွင်းကာ ဂိုးဖန်တီးမှု လေးကြိမ် ပြုလုပ်ထားသည်။ ထို့ ကြောင့် ကူဘိုအား ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းအချို့က စိတ်ဝင်စားနေကြပြီး ယခုအခါ မန်ယူအသင်းပါ ပါဝင်လာခြင်းဖြစ်သည်။
ဗြိတိန်မီဒီယာများ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ကူဘိုအား ခေါ်ယူရန်အတွက် ကင်းထောက်များစေလွှတ်ကာ ၎င်း၏ ခြေစွမ်းကို အကဲခတ်နေကြောင်း သိရသည်။ မန်ယူအသင်းသည် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် ဘရာဇီးလ်လက်ရွေးစင်တောင်ပံကစားသမား အန်တိုနီ၏နေရာတွင် အစားထိုးရန်အတွက် ကူဘိုကို အလိုရှိနေခြင်းဖြစ်ကြောင်း သိရသည်။
၂၀၂၂ ခုနှစ်တွင် အေဂျက်စ်အသင်းမှ မန်ယူအသင်းထံသို့ ယူရို သန်း ၁၀၀ ဖြင့် ပြောင်းရွှေ့လာသည့် အန်တိုနီသည် ပြိုင်ပွဲစုံ ၆၂ ပွဲတွင် ရှစ်ဂိုးသွင်းကာ ဂိုးဖန်တီးမှု သုံးကြိမ်သာ ပြုလုပ်ထားသည်။ ထို့ကြောင့် မန်ယူအသင်းသည် ၎င်း၏ နေရာတွင် ကူဘိုနှင့်အစားထိုးရန် စီစဉ်နေခြင်းဖြစ်သည်။
ဆိုစီဒက်အသင်းသည် အသင်းနှင့် ၂၀၂၇ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေသည့် ကူဘိုအား ပြောင်းရွှေ့ကြေး ယူရို သန်း ၅၀ ရရှိပါက ရောင်းထုတ်ဖွယ်ရှိနေကြောင်း သိရှိရသည်။