စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများကို ဒေါ်လာ ၁၂ သန်းကျော်ရောင်းချပေးမည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်သည်။
ဒီဇင်ဘာ ၂၁ ရက်တွင် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၁၂.၄၃ သန်း ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။
ယင်းသို့ရောင်းချရာတွင် တစ်ဒေါ်လာငွေလဲနှုန်းမည်မျှဖြင့် ရောင်းချပေးမည်ဆိုသည်ကို ထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။
ဒီဇင်ဘာ ၁၈ ရက်ကလည်း စက်သုံးဆီတင်သွင်းသော ကုမ္ပဏီများအတွက် အမေရိကန်ဒေါ်လာ ၉ ဒသမ ၇၂ သန်း ရောင်းချပေးပြီးနောက် ဒီဇင်ဘာလအတွင်း ဗဟိုဘဏ်က နှစ်ကြိမ်မြောက် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။
နိုင်ငံခြားငွေ အရောင်းအဝယ်ပြုလုပ်ရာတွင် ဗဟိုဘဏ်က ငွေလဲလှယ်နှုန်း မသတ်မှတ်တော့ဘဲ စျေးကွကပေါက်စျေးအတိုင်း ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာ ၅ ရက်က ထုတ်ပြန်ထားသည်။
နိုင်ငံခြားငွေများ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း (AD) လိုင်စင်ရဘဏ် များအနေဖြင့် နိုင်ငံခြားငွေကြေးစျေးကွက်တွင် အရောင်းအဝယ်ပြုလုပ်ရာ၌ ငွေလဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ သတ်မှတ်ပေးမည်မဟုတ်ဘဲ စျေးကွက်အတွင်း နိုင်ငံခြားငွေ ရောင်းချလိုသူနှင့် ဝယ်ယူလိုသူတို့မှ တင် သွင်းသော ငွေလဲလှယ်နှုန်းပေါ် မူတည်၍ စျေးကွက်ပေါက်စျေးအတိုင်း လွတ်လပ်စွာ ဆောင်ရွက်ရန်ဖြစ်ကြောင်း ဖော်ပြထားသည်။