ဂျပန်တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများ လစဉ်ဝင်ငွေခွန် ယန်းတစ်ထောင်မှ နှစ်ထောင်ကြားပေးဆောင်ရမည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်သည်။
ဂျပန်နိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် မြန်မာလုပ်သားများအနေဖြင့် ဝင်ငွေခွန်များ ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဂျပန်တွင် ရောက်ရှိနေသည့် မြန်မာလုပ်သားများ၏ တစ်လပျမ်းမျှဝင်ငွေကို ယန်း နှစ်သိန်း သတ်မှတ်ပြီး ဝင်ငွေခွန် နှစ်ရာခိုင်နှုန်းအရ ယန်း လေးထောင် သတ်မှတ်ထားကြောင်း၊ အဆိုပါ ယန်းလေးထောင်အနက် သက်သာခွင့်အဖြစ် ယန်းနှစ်ထောင်သတ်မှတ်ထားရာ လစဉ်ဝင်ငွေခွန်အဖြစ် ယန်း နှစ်ထောင် ပေးဆောင်ရမည်ဖြစ်ကြောင်း သံရုံးက ထုတ်ပြန်သည်။
သတ်မှတ်ထားသည့် တစ်လပျမ်းမျှဝင်ငွေခွန် ယန်း နှစ်သိန်းထက် လျော့နည်းရရှိသူများအနေဖြင့် အထောက်အထားများဖြင့် တင်ပြလာပါက ၄င်းတို့အတွက် တစ်လပျမ်းမျှ ဝင်ငွေ ယန်းတစ်သိန်းခွဲနှုန်း သတ်မှတ်ပြီး တစ်လဝင်ငွေခွန်အဖြစ် တစ်လယန်းသုံးထောင် သတ်မှတ်ထားကြောင်း သက်သာခွင့်အဖြစ် ယန်း နှစ်ထောင်သတ်မှတ်ပြီး တစ်လဝင်ငွေခွန်အဖြစ် ယန်း တစ်ထောင်ပေးဆောင်ရမည်ဖြစ်ကြောင်း မြန်မာသံရုံးက ထုတ်ပြန်သည်။
သံရုံးဘက်မှ ဝင်ငွေခွန်အထောက်အထားများ ထုတ်ပေးမည်ဖြစ်ပြီး အခွန်ထမ်းသူများက သတ်မှတ်ကာလ တစ်ခုအတွင်း သံရုံးတွင် ပေးဆောင်ခဲ့သည့် ဝင်ငွေခွန်ပေးဆောင်မှုဆိုင်ရာ အထောက်အထားများထုတ်ပေးရန် လျှောက်ထားလာပါက ဝင်ငွေခွန်ပမာဏနှင့် ပျမ်းမျှဝင်ငွေပမာဏတို့ဖြင့် ထောက်ခံစာ ထုတ်ပေးမည်ဖြစ်ကြောင်း တိုကျိုမြို့ရှိ မြန်မာသံရုံးက သတင်းထုတ်ပြန်သည်။
ဂျပန်နိုင်ငံမှာ ယခုနောက်ပိုင်းတွင် မြန်မာလုပ်သား အများအပြားသွားရောက်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည်။