ပရီးမီးယားလိဂ်နောက်ဆုံး (၆)ပွဲတွင် (၁)ပွဲသာ အနိုင်ရခဲ့သည့် လက်ရှိချန်ပီယံ မန်စီးတီးအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်တွင် ချန်ပီယံဆုကို ဆက်လက်ရယူရန် ထိပ်ဆုံးမှ ရေပန်းစားနေဆဲဖြစ်သော်လည်း ချန်ပီယံဖြစ်နိုင်ခြေအလားအလာမှာ ရာသီမစတင်မီကနှင့် နှိုင်းယှဉ်လျှင် (၅၀) ရာခိုင်နှုန်းကျော် လျော့ကျခဲ့ကြောင်း Opta က ဖော်ပြခဲ့သည်။
ဂွါဒီယိုလာ၏ မန်စီးတီးအသင်းသည် အောက်တိုဘာလလယ်ပိုင်းလောက်ကတည်းက ပရီးမီးယားလိဂ်တွင် ရုန်းကန်ခဲ့ရပြီး (၆) ပွဲကစားရာတွင် (၁) ပွဲသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်တွင် ချယ်လ်ဆီးကို (၄-၄) ဂိုး၊ လီဗာပူးလ်ကို (၁-၁) ဂိုး၊ စပါးကို (၃-၃) ဂိုးတို့ြ့ဖင့် ဆက်တိုက်သရေကျပြီး အက်စတွန်ဗီလာကို (၀-၁)ဂိုး ဖြင့် ရှုံးနိမ့်ခဲ့သည်။
ယင်းနောက် လူတန်အသင်းကို (၂-၁) ဂိုးဖြင့် အနိုင်ရခဲ့ပြီး ဒီဇင်ဘာ(၁၆) ရက်က ကစားခဲ့သည့်ပွဲတွင်မူ ခရစ္စတယ်ပဲလေ့စ်အသင်းကို (၂-၂) ဂိုးဖြင့် သရေကျခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် မန်စီးတီးအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၁၇) အပြီးတွင် ရမှတ် (၃၄)မှတ်ဖြင့် အဆင့် (၄)နေရာ ရပ်တည်နေပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ် (၃၉ မှတ်)နှင့် (၅) မှတ်ကွာဟနေသည်။
မန်စီးတီးအသင်းသည် ယခုရာသီ မစတင်မီက Opta စူပါကွန်ပျူတာ၏ ခန့်မှန်းချက်အရ ချန်ပီယံဖြစ်ရန် (၉၀.၂) ရာခိုင်နှုန်းအထိ အလားအလာရှိခဲ့သော်လည်း ယခုအခါ ချန်ပီယံဖြစ်နိုင်ခြေအလားအလာ (၃၉.၃) ရာခိုင်နှုန်းသာရှိတော့ပြီး ရာသီ မစတင်မီကနှင့်စာလျှင့် (၅၀.၉) ရာခိုင်နှုန်းအထိ လျော့ကျခဲ့ခြင်းဖြစ်သည်။
ပရီးမီးယားလိဂ်တွင် မန်စီးတီးအသင်း ချန်ပီယံဖြစ်နိုင်ခြေအလားအလာ လျော့ကျသွားသည်နှင့်အမျှ အာဆင်နယ်၊ လီဗာပူးလ်တို့မှာ ချန်ပီယံဖြစ်နို်င်ခြေအလားအလာ ပိုမိုအားကောင်းလာကြောင်း သိရသည်။
အမှတ်ပေးဇယားထိပ်ဆုံးမှ အာဆင်နယ်အသင်းသည် ရာသီမစတင်မီက ချန်ပီယံဖြစ်နိုင်ခြေ (၄.၁) ရာခိုင်နှုန်းသာရှိခဲ့သော်လည်း ယခုအခါ (၂၉.၉) ရာခိုင်နှုန်းအထိရှိလာခဲ့ပြီး လီဗာပူးလ်မှာမူ (၃.၅) ရာခိုင်နှုန်းမှ (၂၃.၆)ရာခိုင်နှုန်းအထိရှိလာခဲ့သည်။
အဆင့် (၃)နေရာမှ အက်စတွန်ဗီလာမှာမူ (၆.၈) ရာခိုင်နှုန်းရှိနေကြောင်း သိရသည်။