ဘာစီလိုနာနည်းပြ ဇာဗီက အသင်းကွင်းလယ်ကစားသမား ဂါဗီ၏ နေရာတွင် အစားထိုးရန်အတွက် လာမည့်ဇန်နဝါရီတွင် ကစားသမားသစ် ခေါ်ယူရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
အသက် (၁၉) နှစ်အရွယ်ရှိ ဂါဗီသည် နိုဝင်ဘာလတွင် စပိန်လက်ရွေးစင်အသင်းအတွက် ကစားရင်း ဒူးအရွတ်ကြောဒဏ်ရာရရှိခဲ့ပြီး ယင်းဒဏ်ရာကြောင့် ယခုရာသီကုန်အထိ အနားယူရမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ကြောင့် ဇာဗီက မိမိတို့အနေဖြင့် လာမည့်ဇန်နဝါရီတွင် ဂါဗီ၏နေရာတွင်အစားထိုးရန်အတွက် ကစားသမားသစ် ခေါ်ယူရန်လိုအပ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ဇာဗီက ”ကျွန်တော်တို့အနေနဲ့ အသင်းအင်အားဖြည့်တင်းဖို့ စီစဉ်နေပါတယ်။ ဇန်နဝါရီမှာဖြစ်ဖြစ်၊ လာမယ့်နွေမှာဖြစ်ဖြစ်ပေါ့။ ဂါဗီနေရာကို အစားထိုးဖို့ ဂါဗီလို ကစားသမား လိုပါတယ်။ ဒါက ခက်တော့ ခက်မှာပါ”ဟု ဆိုခဲ့သည်။
ဘာစီလိုနာသည် အဲဗာတန်ကွင်းလယ်လူ အိုနာနာကို စိတ်ဝင်စားနေကြောင်း သိရသည်။