မန်ယူအသင်းသည် အသင်းတွင် ဆက်လက်ထိန်းသိမ်းထားလိုခြင်းမရှိသည့် ကက်စီမီရို၊ ဗာရန်း၊ ဆန်ချိုနှင့် မာစီယဲလ်တို့၏ အပြောင်းအရွှေ့အတွက် ဆော်ဒီကလပ်များနှင့် ဆွေးနွေးရန် စီစဉ်နေပြီး ဘောလုံးဒါရိုက်တာ ဂျွန်မာတောက်သည် ဆော်ဒီနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
မန်ယူအသင်းသည် နည်းပြ တန်ဟက်ဂ်နှင့် ဆက်ဆံရေးအဆင်မပြေသည့် ဆန်ချိုအပါအဝင် တန်ဟက်ဂ် အကြိုက်မတွေ့သော ဗာရန်း၊ ကက်စီမီရိုနှင့် မာစီယဲလ်တို့ကိုလည်း ရောင်းထုတ်ရန် စီစဉ်နေခြင်း ဖြစ်သည်။
မန်ယူအသင်းသည် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလ၌ ကစားသမားသစ်များ အားဖြည့်ခေါ်ယူနိုင်ရန်အတွက် အဆိုပါကစားသမားများကို ရောင်းထုတ်ကာ ငွေကြေးရှာဖွေလိုသော်လည်း ဆော်ဒီကလပ်အသင်းများက အပြောင်းအရွှေ့လှုပ်ရှားမှုများကို နွေရာသီမှသာ အဓိကပြုလုပ်လိုသည့်အတွက် ဇန်နဝါရီတွင် အပြောင်းအရွှေ့ဖြစ်မြောက်ရန် မလွယ်ကူကြောင်းလည်း ဗြိတိန်မီဒီယာများက သုံးသပ်ဖော်ပြခဲ့သည်။
မန်ယူအသင်းသည် ရီးယဲလ်အသင်းမှ ပြင်သစ်နောက်ခံလူ ဗာရန်းကို ၂၀၂၁ နွေရာသီနှင့် ဘရာဇီးလ်ကွင်းလယ်ကစားသမား ကက်စီမီရိုကို ၂၀၂၂ နွေရာသီတွင် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် နည်းပြ တန်ဟက်ဂ်က နှစ်ဦးစလုံးကို နေရာပေးလိုခြင်းမရှိသည့်အတွက် ရောင်းထုတ်ရန် စီစဉ်ခြင်းလည်းဖြစ်သည်။
ကက်စီမီရို နှင့် ဗာရန်းတို့ကို ဆော်ဒီကလပ်များက ခေါ်ယူရန် စိတ်ဝင်စားနေကြကြောင်းလည်း သိရသည်။