မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်အင်အား တည်ဆောက်မှုကို အရှိန်မြှင့်တင်မည်ဖြစ်ကြောင်း ခေါင်းဆောင် ကင်ဂျုံအွန်က အခိုင်အမာပြောကြားခဲ့ပြီး အမေရိကန်အနေဖြင့်လည်း ဆုံးဖြတ်ချက်မမှားစေရန် ၎င်းက သတိပေးခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ကင်သည် မြောက်ကိုရီးယား၏ စွမ်းအားအကြီးဆုံး တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို ကြီးကြပ်ခဲ့ပြီးနောက် ယင်းသို့ပြော ကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ်အက်စ် မစ်ဆူရီ ဘူဆန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ခဲ့ပြီးတစ်ရက်အကြာ ဒီဇင်ဘာ ၁၈ ရက်က မြောက်ကိုရီးယားသည် အခဲလောင်စာသုံး ဟွာဆုန်-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ခဲ့သည်။
မြောက်ကိုရီးယားက နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုလျှင် ကင်ဂျုံအွန်အစိုးရ၏ ဇာတ်သိမ်းခန်း ဖြစ်လာမည်ဟု အမေရိကန်နှင့် တောင်ကိုရီးယားက သတိပေးပြီးနောက် မြောက်ကိုရီးယားက ယင်းစမ်းသပ်မှုကို လုပ်ဆောင်ခဲ့ခြင်းလည်းဖြစ်သည်။
ယင်းသည် မြောက်ကိုရီးယားက အခဲလောင်စာသုံး တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စမ်းသပ်မှုကို တတိယအကြိမ် ပြုလုပ်ခြင်းဖြစ်ကာ ယခုနှစ် ဧပြီလနှင့်ဇူလိုင်လကလည်း ယင်းသို့စမ်းသပ်မှုများ ပြုလုပ်ခဲ့သည်။
မြောက်ကိုရီးယားက လတ်တလောစမ်းသပ်ခဲ့သည့် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်သည် အကွာအဝေးအားဖြင့် ကီလိုမီတာ ၁၅,၀၀၀ ကျော်အထိ ရောက်ရှိနိုင်ပြီး အမေရိကန်ပြည်ထောင်စု တစ်ခုလုံးကို ရောက်ရှိနိုင်သည်ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ဆိုသည်။
အမေရိကန် ပြည်ထောင်စုအထိရောက်ရှိနိုင်တဲ့ ၎င်းဒုံးကျည်ကို စမ်းသပ်ခြင်းသည် ရန်ဘက်အင်အားစုများကို ပြတ်ပြတ်သားသား သတိပေးခြင်းဖြစ်ပြီး အမေရိကန်ကမှား ယွင်းစွာဆုံးဖြတ်ခဲ့ပါက မြောက်ကိုရီးယား၏ ရွေးချယ်စရာနည်းလမ်းများကို ပြသခြင်းဖြစ်သည်ဟု ကင်က ပြောကြားခဲ့ကြောင်း နိုင်ငံပိုင် KCNA သတင်းဌာနက ဖော်ပြခဲ့သည်။
ပန်းရောင်သားမွေးအကျႌ ဝတ်ဆင်ထားသည့် သမီးဖြစ်သူနှင့်အတူ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် စမ်းသပ်မှုကို လာရောက်ကြည့်ရှုခဲ့သည့် ကင်သည် မြောက်ကိုရီးယား၏ မဟာဗျူဟာမြောက် နျူကလီးယားတပ်ဖွဲ့တိုး တက်ဖြစ်ထွန်းရေးအတွက် အရေးကြီးလုပ်ငန်းတာဝန်အသစ်များကို ချမှတ်ပေးခဲ့သည်ဟုလည်း KCNA က ဖော်ပြသည်။
မြောက်ကိုရီးယား၏ နျူကလီးယားလက်နက်တိုက်ထဲတွင် စွမ်းအားအကြီးဆုံးဖြစ်သည့် ဟွာဆုန်-၁၈ တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည်ကို လတ်တလော စမ်းသပ်မှုတွင် ကီလိုမီတာ ၁,၀၀၀ ကျော် ပျံသန်းရောက်ရှိခဲ့ပြီး ကီလိုမီတာ ၆,၀၀၀ အမြင့်အထိ ရောက်ရှိခဲ့ကြောင်းနှင့် ယင်းသည် တိုက်ချင်းပစ်ပဲ့ထိန်းဒုံးကျည် အင်အားစု၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပြသခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားက ပြောကြားခဲ့သည်။
မြောက်ကိုရီးယား၏ နျူကလီးယားအန္တရာယ်ကြီးထွားလာမှုကို တန်ပြန်ရန်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သည့်အနေဖြင့် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့သည် မြောက်ကိုရီးယား၏ လက်နက်စမ်း သပ်မှုများနှင့်ပတ်သက်၍ အချိန်နှင့်တစ်ပြေးညီ သတင်းအချက် အလက်များ မျှဝေခြင်းကို ဒီဇင်ဘာ ၁၉ ရက်က စတင်ခဲ့သည်။