ကမ္ဘာ့လိဂ်ပြိုင်ပွဲများအဖွဲ့ချုပ် သည် ၂၀၂၅ ခုနှစ်မှ စတင်ပြီး ပြိုင်ပွဲဝင်အသင်း (၃၂)သင်းအထိ တိုးချဲ့ယှဉ်ပြိုင်သွားမည့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ပတ်သက်၍ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ထံသို့ ကန့်ကွက်စာ ပေးပို့ခဲ့ကြောင်း သိရှိရသည်။
ဖီဖာကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသည် ၂၀၂၃ ခုနှစ်အထိ အသင်း (၇) သင်းသာ ယှဉ်ပြိုင်နေသည့် ပြိုင်ပွဲအဖြစ်မှ ၂၀၂၅ ခုနှစ်မှ စတင်ကာ (၃၂) သင်းသို့ တိုးချဲ့ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ပြိုင်ပွဲကာလအားဖြင့်လည်း ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတို့ကဲ့သို့ (၁) လ ဝန်းကျင်အထိ ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
(၃၂)အသင်းအထိ ယှဉ်ပြိုင်မည်ဖြစ်သဖြင့်လည်း ဇူလိုင်လလယ်မှသာ ပြိုင်ပွဲပြီးဆုံးမည်ဖြစ်ပြီး ပုံမှန် ပရီးမီးယားလိဂ်ပြိုင်ပွဲမစတင်မီ (၄) ပတ်အလိုနှင့် ကွန်မြူနတီဒိုင်းပြိုင်ပွဲစတင်ရန် (၃) ပတ်အလိုအထိ ရောက်ရှိနေရာ ပရီးမီးယားလိဂ်ကလည်း ပြင်းထန်စွာဝေဖန်ခဲ့သလို၊ ယခုအချိန်တွင် ကမ္ဘာ့လိဂ်ပြိုင်ပွဲများအဖွဲ့ချုပ်ကလည်း ဖီဖာသည် ငွေမျက်နှာတစ်ခုတည်းကြည့်သည်ဆိုသည့် စွပ်စွဲမှုဖြင့် ကန့်ကွက်စာပို့ခဲ့ခြင်းဖြစ်သည်။
ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအဖွဲ့အစည်း (PFA) ၏ အမှုဆောင်ချုပ်ဖြစ်သူ မာဟီတာမိုလန်ဂိုက ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ၏ ဖီဖာကလပ်ကမ္ဘာ့ဖလား တိုးချဲ့သည့်အစီအစဉ်မှာ ကစားသမားများကို စစ်တုရင်မှ နယ်ရုပ်ကလေးများကဲ့သို့ သဘောထားပြုမူခြင်းဖြစ်ကြောင်း ဝေဖန်ပြစ်တင်ခဲ့သည်။
“ကစားသမားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုတာ အယောင်ဆောင်မှုပါပဲ။ ဘောလုံးအဖွဲ့ချုပ်တွေရဲ့ ပြိုင်ဆိုင်မှုကြားမှာ ကစားသမားတွေက နယ်ရုပ်လေးတွေ ဖြစ်လာပါပြီ။ ကစားသမားတွေအပေါ် မတော်မတရားတဲ့ တောင်းဆိုမှုတွေ လုပ်ကြတာပါပဲ။ ကစားသမားတွေအပေါ် ငဲ့ညှာမှု မရှိတာပါပဲ”ဟု မိုလန်ဂိုက ပြောကြားခဲ့သည်။