ဒီဇင်ဘာ ၁၉ ရက်က ဂျပန်အစိုးရရှေ့နေများသည် ရန်ပုံငွေအရှုပ်တော်ပုံနှင့် ပတ်သက်၍ အာဏာရ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ (LDP)၏ ရုံးခန်းများကို စီးနင်းရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
၎င်းအရှုပ်တော်ပုံနှင့်ပတ်သက်၍ ဝန်ကြီးချုပ် ဖုမိယိုကိရှိဒသည် ပြီးခဲ့သည့်သီတင်းပတ်တွင် ၎င်း၏အစိုးရအဖွဲ့မှ ဝန်ကြီးလေးဦးကို အစားထိုးခန့်အပ်ခဲ့ရသည်။
ပါတီတာဝန်ရှိသူများသည် ယန်းသန်း ၅၀၀ (ဒေါ်လာ ၃ ဒသမ ၄ သန်း)လာဘ်ငွေရယူခဲ့သည်ဟု သတင်းထွက်ပေါ်ခဲ့ပြီးနောက် အာဏာရ LDP ပါတီ၏ အကြီးဆုံးအုပ်စု၏ ရုံးခန်းတည်ရှိရာ အဆောက်အအုံတစ်ခုထဲသို့ စုံစမ်းစစ်ဆေးသူများ ဝင်ရောက်လာပုံကို ဂျပန်ရုပ်သံဌာနတစ်ခုဖြစ်သည့် NHK ကထုတ်လွှင့်ပြသခဲ့သည်။
“ပါတီအနေနဲ့ လူထုရဲ့ယုံကြည်မှုကိုပြန် ရဖို့ အရေးတကြီးလုပ်ဆောင်ရမှာဖြစ်တယ်”ဟု ဝန်ကြီးချုပ်ကိရှိဒက သတင်းထောက်များကို ပြောကြားခဲ့သည်။ စုံစမ်းစစ်ဆေးမှုများကိုလည်း ကြပ်ကြပ်မတ်မတ်ဆောင်ရွက်ရမည် ဟု ၎င်းက ဆိုသည်။
LDP ပါတီ၏ ဒုတိယရာထူးအကြီးဆုံးဖြစ်သည့် တိုရှိမိဆု မိုတဲဂိက ယင်းသို့စီးနင်းရှာဖွေမှုများသည် အလွန်စိတ်မကောင်းစရာပင်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပါတီအနေဖြင့် စုံစမ်းစစ်ဆေးမှုရလဒ်ကို စောင့်ကြည့်နေစဉ် အတောအတွင်း လိုအပ်သည့် အစီအမံများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၎င်းက ဆို သည်။
နိုင်ငံရေးရန်ပုံငွေများကို ဥပဒေနှင့်အညီ စာရင်းတင်ပြရန် ပျက်ကွက်မှုနှင့်ပတ်သက်၍ အစိုးရ၏ ထိပ်တန်းပြောခွင့်ရနှင့် ကုန်သွယ်ရေးဝန်ကြီး အပါအဝင်အစိုးရအဖွဲ့ဝင်ဝန်ကြီးလေးဦးကို ဝန်ကြီးချုပ်ကိရှိဒက ပြီးခဲ့သည့် သီတင်းပတ်တွင် ရာထူးမှထုတ်ပယ်ခဲ့သည်။
ဂျပန်အစိုးရအဖွဲ့ အတွင်းဝန်ချုပ် ဟိရိုခါဇု မာဆုနို၊ စီးပွားရေးနှင့် စက်မှုဝန်ကြီး ယာဆုတိုရှိ နိရှိမူရ၊ ပြည်ထဲရေးဝန်ကြီး ဂျွန်ဂျိ ဆုဇုခိနှင့် စိုက်ပျိုးရေးဝန်ကြီး အိချိရို မိယာရှိတတို့ ရာထူးမှ အသီးသီးနုတ်ထွက်ခဲ့သည်။
၎င်းတို့လေးဦးစလုံးသည် ယမန်နှစ်ကလုပ်ကြံခံရခြင်းကြောင့် ကွယ်လွန်သွားသည့် ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဦးဆောင်ခဲ့သော အုပ်စုမှဖြစ်သည်။
ကမ္ဘာ့တတိယ စီးပွားရေးအင်အားအကြီးဆုံး ဂျပန်နိုင်ငံ၏ စီးပွားရေးကို ဆယ်စုနှစ်များစွာ အရှိန်အဟုန်မပျက် စီမံအုပ်ချုပ်လာခဲ့သည့် အာဏာရလစ်ဘရယ် ဒီမိုကရက်တစ်ပါတီ (LDP)အတွင်း ယန်းသန်း ၅၀၀ (ဒေါ် လာ ၃ ဒသမ ၄ သန်း)ကို မသမာသည့်နည်းလမ်းဖြင့် ရယူခဲ့သည်ဟူသော စွပ်စွဲချက်များ ထွက်ပေါ်လာပြီးနောက် အစိုးရအဖွဲ့ အကျပ်အတည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။
အာဏာရ LDP ပါတီအတွင်း အာဏာနှင့် သြဇာလွှမ်းမိုးနိုင်ရေးအတွက် အားပြိုင်နေသည့် အဓိကအုပ်စု ငါးခုထက်မနည်းရှိနေသည်။
တိုကျိုအစိုးရရှေ့နေများသည် ဒီဇင်ဘာ ၁၉ ရက်က LDP ပါတီမှ နောက်ထပ်အုပ်စုတစ်ခု၏ ရုံးခန်းကိုလည်း စီးနင်းရှာဖွေခဲ့သည်။ သို့သော် ၎င်းအုပ်စုဝင် အစိုးရဝန်ကြီးနှစ်ဦးသည် ရာထူး၌ ဆက်ရှိနေဆဲဖြစ်သည်။
နိုင်ငံရေး ရန်ပုံငွေများကို စာရင်းဖျောက်ခဲ့သည်ဟူသော စွပ်စွဲချက်များနှင့်ပတ်သက်၍ အစိုးရရှေ့နေများသည် LDP ပါတီဝင်အုပ်စုများ၏ ငွေစာရင်းကို တာဝန်ယူထားသူများအား စစ်ဆေးမေးမြန်းကာ LDP ၏အုပ်စု ခြောက်ခုအနက်ငါးခုကို စုံစမ်းစစ်ဆေးလျက်ရှိသည်ဟု သတင်းထွက်ပေါ်နေသည်။
၂၀၁၂ ခုနှစ်တွင် LDP ပါတီအာဏာပြန်ရလာပြီးနောက်ပိုင်း တာဝန်ယူခဲ့သည့် ဝန်ကြီးချုပ်များအနက် ကိရှိဒသည် လူထုထောက်ခံမှု အနည်းဆုံးဖြစ်နေကာ ငွေကြေးဖောင်းပွမှုနှင့် အရှုပ်တော်ပုံများကို ကိုင်တွယ် ပုံနှင့်ပတ်သက်၍ မဲဆန္ဒရှင်များက အမျက်ဒေါသထွက်နေသည်။ Jiji သတင်းဌာနက လတ်တလော ထုတ်ပြန်ခဲ့သည့် လူထုစစ်တမ်းတစ်ခုတွင် ကိရှိဒ၏ အစိုးရအဖွဲ့အပေါ် လူထုထောက်ခံမှုသည် ၁၇ ဒသမ ၁ ရာခိုင်နှုန်းသာ ရှိတော့သည်။