အစ္စရေးတိုက်ခိုက်မှုက ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားတစ်ဦး၏ စျာပနပွဲပြု လုပ်သည့်နေရာနှင့်မျက်နှာချင်းဆိုင်ရှိ အဆောက်အအုံကို ထိမှန်ခဲ့ပြီးနောက် အရပ်သားများကို အစ္စရေးတိုက်ခိုက်မှုမှန်သမျှအား လက်တုံံံ့ပြန်ရလိမ့်မည်ဟု ဒီဇင်ဘာ ၁၈ ရက်တွင် လက်ဘနွန်၏အင်အားကြီး ဟစ်ဇဘိုလာအဖွဲ့က ပြောကြားသည်။
အောက်တိုဘာ ၇ ရက်တွင် ဂါဇာကမ်းမြောင်၌ စစ်ပွဲစတင်ဖြစ်ပွားကတည်းက လက်ဘနွန်-အစ္စရေးနယ်စပ်တွင် ဟားမာ့စ်၏ မဟာမိတ်ဟစ်ဇဘိုလာအဖွဲ့နှင့် အစ္စရေးစစ်တပ်တို့ ပုံမှန်အပြန်အလှန်ပစ်ခတ်မှုများ ဖြစ် ပွားလျက်ရှိသည်။
ဖြစ်ပွားသော ပဋိပက္ခ ပိုမိုကျယ်ပြန့်လာစေမည့် ကိစ္စများကို ဟစ်ဇဘိုလာအဖွဲ့က လုပ်ဆောင်ခြင်းမပြုရန် အစ္စရေးကိုရောက်နေသော အမေရိကန်ကာကွယ်ရေးဝန်ကြီးက သတိပေးခဲ့သည်။
လက်ဘနွန်နယ်စပ်မြို့အေတာအယ်ရှာ့၌ ပြုလုပ်နေသော စျာပနအခမ်းအနား ကိုရန်သူပစ်မှတ်ထားခြင်းအား တုံ့ပြန်သည့်အနေဖြင့် မိမိတို့သည် အစ္စရေးနယ်စပ်မြို့ ကာရတ်ရှမိုနာကို ဒုံးကျည်များဖြင့်ပစ်ခတ် ခဲ့သည်ဟုအီရန် ကျောထောက်နောက်ခံပြု အုပ်စုဟစ်ဇဘိုလာက ဒီဇင်ဘာ ၁၈ ရက် ည နေပိုင်းတွင်ပြောကြားခဲ့သည်။
“အရပ်သားတွေကို တိုက်ခိုက်တာမှန်သမျှ လက်တုံ့ပြန်ရပါလိမ့်မယ်”ဟု ဟစ်ဇဘို လာအုပ်စုက ထုတ်ပြန်ခဲ့သည်။
အစ္စရေးသည် အေတာအယ်ရှာ့မြို့တွင် ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမား ဟာဆန်ဆရူး၏ စျာပနသို့လာသူများကို ပစ်မှတ်ထားခဲ့သည်ဟု လက်ဘနွန်အမျိုးသားသတင်းဌာနက ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုသည် စျာပနပြုလုပ်သည့် နေရာနှင့်ပေ ၁၃၀(မီတာ)ပင် မဝေးသော အဆောက်အအုံကို ထိမှန်ခဲ့သည်ဟုဆိုသည်။ အဆောက်အအုံပျက်စီးသွားသည်ဆိုသော်လည်း သေကျေဒဏ်ရာရသူမရှိဟု ဆိုသည်။ အစ္စရေးစစ်တပ်သည် စျာပနတက်ရောက်သူများကို ခြိမ်းခြောက်ရန်ကြိုးစားခြင်းဖြစ်သော်လည်း လာရောက်သူများက စျာပနအခမ်းအနားကို ဆက်လုပ်ခဲ့ကြသည်ဟု လက်ဘနွန်အမျိုးသားသတင်းဌာနက ဖော်ပြခဲ့သည်။
တိုက်ခိုက်မှုက လူနေထိုင်ခြင်းမရှိသော အဆောက်အအုံ၏ခေါင်မိုးကို ထိမှန်ခဲ့သည်ဟု ယင်းနေရာကို ရောက်သွားသော အေအက်ဖ်ပီသတင်းထောက်က ပြောကြားသည်။
အစ္စရေးဘက်က ယင်းတိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့ပြီးမကြာမီ ဟစ်ဇဘိုလာကလည်း အစ္စရေး၏ Iron Dome ဝေဟင်ကာ ကွယ်ရေးစနစ်မှ ဒုံးကျည်ပစ်စင်နှစ်ခုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။
အစ္စရေးတိုက်ခိုက်မှုများကြောင့် လက်ဘနွန်တွင် လူ ၁၃၀ ကျော်သေဆုံးခဲ့ရာ သေဆုံးသူအများစုမှာ ဟစ်ဇဘိုလာတိုက်ခိုက်ရေးသမားများဖြစ်သည်။ ထို့အပြင် အရပ်သား ၁၇ ဦးနှင့် လက်ဘနွန်စစ်သားတစ်ဦး၊ သတင်းထောက်သုံးဦး သေဆုံးခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စာရင်းအရသိရသည်။
မိမိတို့၏အဖွဲ့ဝင်သုံးဦးသေဆုံးသွားသည်ဟု ဒီဇင်ဘာ ၁၇ ရက်တွင် ဟစ်ဇဘိုလာအဖွဲ့က ပြောကြားခဲ့သည်။ ၎င်းတို့သေဆုံးသည်နေရာကိုလည်းကောင်း၊ သေဆုံးသည့်အချိန်ကိုလည်းကောင်း ဖော်ပြခဲ့ခြင်းမရှိပေ။
အစ္စရေးဘက်တွင် အရပ်သားလေးဦး၊ စစ်သားခုနစ်ဦးသေဆုံးခဲ့သည်ဟု အစ္စရေး တာဝန်ရှိသူများ၏ ပြောကြားမှုများအရ သိရသည်။