ပင်လယ်နီကို ဖြတ်သန်းသော သင်္ဘောများကို ဟူသီရ်သူပုန်၏ဒုံးကျည်၊ ဒရုန်းများဖြင့်တိုက်ခိုက်မှုများကို နှိမ်နင်းရန် အမေရိကန်ပြည်ထောင်စုသည် ဗြိတိန်၊ ပြင်သစ်၊ ဘာရိန်း၊ အီတလီတို့နှင့်အတူ ဒီဇင်ဘာ ၁၈ ရက်တွင် ၁၀ နိုင်ငံပါဝင်သော ညွန့်ပေါင်းကို ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စုသည် အရေးပါသော ပင်လယ်နီရေလမ်းကြောင်း ကိုဟူသီရ်သူပုန်တို့၏တိုက်ခိုက်မှု ပိုမိုများပြားလာခြင်းကို တန်ပြန်ရန်အပြည်ပြည် ဆိုင်ရာရေကြောင်း ညွန့်ပေါင်းကိုဖွဲ့စည်း သွားမည်ဟုဒီဇင်ဘာ ၁၈ ရက်တွင် ပြောကြားခဲ့ပြီးနောက် ၁၀ နိုင်ငံညွန့်ပေါင်းဖွဲ့သည်ဟု ကြေညာခြင်းဖြစ်သည်။ယခုညွန့်ပေါင်းတွင် အခြားသောနိုင်ငံများလည်း ပါဝင်လာကြသည်။
“လွတ်လပ်တဲ့ရေကြောင်းသွားလာခွင့်ရဲ့အခြေခံကျတဲ့ စည်းမျဉ်းကို ထိန်းသိမ်းလိုတဲ့နိုင်ငံတွေဟာ ဒီ နိုင်ငံတော်မဟုတ်တဲ့အဖွဲ့ အစည်းတစ်ရပ်ကြောင့်ဖြစ်ပေါ်လာတဲ့ စိန်ခေါ်မှုကို အတူတကွဖြေရှင်းကြရမှာဖြစ်ပါ တယ်”ဟု အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“အဲဒီတိုက်ခိုက်မှုတွေဟာ မဆင်မခြင်လုပ်ရပ်တွေဖြစ်ပါတယ်။ အန္တရာယ်များတဲ့လုပ်ရပ်တွေဖြစ်ပါတယ်။ တိုက်ခိုက်တာတွေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကိုချိုးဖောက်တာဖြစ်ပါတယ်”ဟု အမေရိကန်ကာ ကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ကအစ္စရေးခရီးစဉ်အတွင်းပြုလုပ်သော သတင်း စာရှင်းလင်းပွဲတွင်ပြောကြားခဲ့သည်။
“ဒါဟာ အမေရိကန်ပြဿနာတစ်ခု သက်သက်မဟုတ်ပါဘူး။ အပြည်ပြည်ဆိုင် ရာပြဿနာတစ်ရပ်လည်းဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တုံ့ပြန်မှုနဲ့ထိုက်တန်တဲ့ ပြဿနာဖြစ်ပါတယ်”ဟု အော်စတင်က ပြောသည်။
ယင်းပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ဒီဇင်ဘာ ၁၉ ရက် အွန်းလိုင်းအစည်းအဝေးက အရှေ့အလယ်ပိုင်းနိုင်ငံများမှ ဝန်ကြီးများ တက်ရောက်မည့် အစည်းအဝေးဖြစ်သည်ဟု ၎င်းကပြောကြားခဲ့ပြီး ဟူသီရ်တိုက်ခိုက်မှုများကို အီရန်က အထောက်အကူပေးနေခြင်းကိုရပ်တန့်ရန် သတိပေးခဲ့သည်။
ဟူသီရ်သူပုန်များက ၎င်းတို့သည် ဂါဇာနှင့်တစ်စည်းတစ်လုံးတည်းရှိကြောင်း ပြသသည့်အနေဖြင့် အစ္စရေးနှင့်ဆက်စပ်နေသော သင်္ဘောနှစ်စီးကို ပင်လယ်နီတွင် တိုက်ခိုက်ခဲ့သည်ဟု အစောပိုင်းတွင် ပြောကြား ခဲ့သည်။ အရေးပါသော ရေလမ်းကြောင်း ဖြစ်သော်လည်း ပြဿနာဖြစ်နေသောရေလမ်းကြောင်းကို ကုမ္ပဏီအများအပြားက ဖြတ်သန်းသွားလာခြင်းမပြုတော့ပေ။
နော်ဝေပိုင် Swan Atlantic သင်္ဘောနှင့် MSC Clara ဖြစ်သည် ဟုသိရသော အခြားသင်္ဘောတစ်စီးတို့ကိုဟူသီရ်၏ တိုက်ခိုက်မှုများသည် အစ္စရေး-ဟားမာ့စ်စစ်ပွဲတွင် အစ္စရေးကို ဖိအား ပေးရန်ကြိုးပမ်းမှုအတွင်း ကမ္ဘာ့ကုန်သွယ်ရေးကိုအနှောင့်အယှက်ဖြစ်စေသောတိုက်ခိုက်မှုဖြစ်သည်။ ပင်လယ် နီရေလမ်းကြောင်းသည် ကမ္ဘာ့ကုန်သွယ်ရေး၏ ၁၂ ရာခိုင်နှုန်းရှိအထိသယ်ဆောင် နေသောလမ်းကြောင်းဖြစ်သည်။
ယခု ညွန့်ပေါင်းတွင် အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ ဘာရိန်း၊ ကနေဒါ၊ ပြင်သစ်၊ အီတလီ၊ နယ်သာလန်၊ နော်ဝေ၊ ဆေရှဲလ်၊ စပိန်တို့ပါဝင်သည်ဟု အော်စတင်က ပြောကြားခဲ့သည်။