တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားပြီးနောက် အဆောက်အအုံများ ပြိုကျပျက်စီးခဲ့ပြီး လူပေါင်း ၁၁၀ ကျော် သေဆုံးခဲ့သည်ဟု နိုင်ငံပိုင်မီဒီယာက ဒီဇင်ဘာ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ကယ်ဆယ်ရေးလုပ်သားများသည် အပျက်အစီးများကို တူးထုတ်လျက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် အပူတပြင်း ကြိုးပမ်းလျက်ရှိသည်။
ကန်းဆုပြည်နယ်တွင် အင်အားပြင်း ဇောက်တိမ်ငလျင် လှုပ်ခတ်ခဲ့ပြီးနောက် လူ ၁၀၀ ခန့်သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် ငလျင်အန္တရာယ်ကယ်ဆယ်ရေးဌာနချုပ်၏ အဆိုကို ကိုးကား၍ နိုင်ငံပိုင် CCTV ရုပ်သံက ဖော်ပြခဲ့သည်။
အိမ်နီးချင်း ချင်းဟိုင်ပြည်နယ် ဟိုင်တွမ်မြို့တွင်လည်း နောက်ထပ် ၁၁ ဦးသေဆုံးပြီး ၁၀၀ ခန့် ဒဏ်ရာရရှိခဲ့သည်ဟု CCTV က ဆိုသည်။
ငလျင်ဒဏ်ကြောင့် နေအိမ်များပြိုကျခြင်းအပါအဝင် ကြီးမားသောအပျက်အစီးများ ဖြစ်ပွားခဲ့ပြီး ဒေသခံများသည်လည်း လမ်းပေါ်သို့ ပြေးဆင်းခဲ့ရသည်ဟု နိုင်ငံပိုင်သတင်းဌာနတစ်ခုဖြစ်သည့် ဆင်ဟွာက ဖော်ပြသည်။
ဒီဇင်ဘာ ၁၉ ရက် အစောပိုင်းတွင် ကယ်ဆယ်ရေးလုပ်ငန်းစဉ်များကို စတင်နေပြီဖြစ်ကာ သမ္မတရှီကျင်းပင်ကလည်း ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းစဉ်များကို အစွမ်းကုန်ကြိုးပမ်းလုပ်ဆောင်ရန်နှင့် ငလျင်ဘေးမှ လွတ်မြောက်ခဲ့သူများ၏ ဘေးကင်းလုံခြုံမှုနှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ကာကွယ်စောင့်ရှောက်ရန် တိုက်တွန်းထားသည်။
အမေရိကန် ဘူမိဗေဒလေ့လာရေးဌာနက ပြင်းအား ၅ ဒသမ ၉ မဂ္ဂနီကျုဒ်ရှိသည့် ၎င်းငလျင်သည် ချင်းဟိုင်မြို့နှင့် နယ်စပ်အနီး၊ ကန်းဆုပြည်နယ်တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားထားသည်။