ထောင်ဒဏ် တစ်သက်တစ်ကျွန်းအထိကျခံရနိုင်သည့် အမျိုးသားလုံခြုံရေးဆိုင်ရာစွဲချက်များအတွက် ဟောင်ကောင်စီးပွားရေးလုပ်ငန်းရှင် ဂျင်မီလိုင်ကို ဒီဇင်ဘာ ၁၈ ရက်က ဟောင်ကောင်တွင် ရုံးတင်စစ်ဆေးမှု စ တင်ပြုလုပ်ခဲ့သည်။
အမေရိကန်နှင့် ဗြိတိန်တို့က ၎င်းကိုပြန် လွှတ်ပေးရန် တောင်းဆိုထားသည်။ ဒီမိုကရေစီလိုလားသည့် အသက် ၇၆ နှစ်အရွယ် လိုင်သည် ၂၀၂၀ ခုနှစ်တွင် ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်၌ တရုတ်အာဏာပိုင်များက ပြဋ္ဌာန်းခဲ့သည့် ကျယ်ပြန့်သော အမျိုးသားလုံခြုံရေး ဥပဒေအရ ပြည်ပအင်အားစုများနှင့် ပူးပေါင်းကြံစည်ခဲ့သည်ဟု စွပ်စွဲခံထားရသည်။
၎င်းသည် လက်ရှိတွင် ပိတ်သိမ်းလိုက်ပြီ ဖြစ်သည့် တရုတ်ဘာသာဖြင့် ထုတ်ဝေသော အပျော်ဖတ် Apple Daily သတင်းစာတိုက်ကို တည်ထောင်သူဖြစ်သည်။ ၎င်းသတင်းစာသည် တရုတ်အစိုးရကို မကြာခဏဝေဖန်ခဲ့ ပြီး ၂၀၁၉ ခုနှစ်က ဟောင်ကောင်ကို အကြီးအကျယ် ဂယက်ရိုက်စေခဲ့သည့် လူထုဆန္ဒပြလှုပ်ရှားမှုကြီးကို ထောက်ခံခဲ့သည်။
နှစ်သစ်ကူးကာလအထိ ကြာမြင့်မည်ဖြစ်သည့် ၎င်းအား ရုံးတင်စစ်ဆေးမှုကိုဟောင်ကောင်၏ နိုင်ငံရေးလွတ်လပ်ခွင့်နှင့် တရားရေးစနစ် သီးခြားလွတ်လပ်မှုဆိုင်ရာ အပြောင်းအလဲကို ပြသသည့် လက္ခဏာအဖြစ် အနီးကပ်စောင့်ကြည့်လျက်ရှိသည်။
မီဒီယာလုပ်ငန်းကို တိုးချဲ့ခြင်းမပြုမီက အဝတ်အထည်များရောင်းချခြင်းဖြင့် စီးပွားရှာဖွေခဲ့ပြီး နေ့ချင်းညချင်း ကြီးပွားလာခဲ့သည့် လိုင်ကို ဂျူရီအဖွဲ့မပါဘဲ ရုံးတင်စစ်ဆေးမည်ဖြစ်ကာ ၎င်း၏ဦးစားပေးရှေ့နေရွေးချယ်မှု မှာလည်း ငြင်းပယ်ခံထားရသည်။
၂၀၂၁ ခုနှစ်မှစတင်၍ လူမြင်ကွင်း၌ ထွက်ပေါ်လာခြင်းမရှိတော့သည့် လိုင်သည် ဒီဇင်ဘာ ၁၈ ရက်က တရားရုံးသို့ရောက်ရှိလာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ် ပုံပန်းသဏ္ဍာန်သည် ယခင်နှင့်စာလျှင် ပိုမိုချည့်နဲ့သွားပုံရကြောင်း သိရသည်။ လိုင်သည် ၎င်း၏မိသားစုထိုင်နေသည့်ဘက်သို့ ပြုံးပြကာ လက်ဝှေ့ယမ်းနှုတ် ဆက်ခဲ့သည်။
ဗြိတိန်နိုင်ငံသား တစ်ဦးလည်းဖြစ်သည့် ဂျင်မီလိုင်အား စစ်ဆေးသည့် တရားခွင်သို့ အမေရိကန်၊ ဗြိတိန်၊ သြစတြေးလျနှင့် ကနေဒါ ကောင်စစ်ဝန်ရုံးများမှ ကိုယ်စားလှယ်များ လာရောက်နားထောင်ခဲ့သည်။
၎င်း၏အမှုနှင့်ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်းက ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချထားသော်လည်း ယင်းသို့ ဝေဖန်ရှုတ်ချမှုများကို တရုတ်အာဏာပိုင်များက ပယ်ချခဲ့ပြီး ကြားဝင်စွက်ဖက်နေခြင်းနှင့် သားပုပ်လေလွင့် စွပ်စွဲခြင်းသာဖြစ်သည်ဟု တရုတ်ကတုံ့ ပြန်ခဲ့သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနပြောခွင့်ရ ဝမ်ဝင်ပင်းက အမေရိကန်နှင့် ဗြိတိန်တို့သည် လိုသူအပေါ်တစ်မျိုး၊ မလိုသူအပေါ် တစ်မျိုး စံနှစ်မျိုးထားနေကြောင်းနှင့် လိုင်သည် တရုတ်ဆန့်ကျင်ရေး အင်အားစုများ၏ လက်ကိုင်တုတ်ဖြစ်ကြောင်း စွပ်စွဲပြောဆိုထားသည်။
“ဒီအမှုနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ဗြိ တိန်နိုင်ငံတို့ရဲ့ မှတ်ချက်စကားတွေဟာ တရားဥပဒေစိုးမိုးမှုရဲ့ အနှစ်သာရကို ပြင်းပြင်းထန်ထန် ချိုးဖောက်နေပြီး နိုင်ငံရေးလှည့်စားမှုကို ဗြောင်ကျကျ လုပ်ဆောင်ခြင်းဖြစ်တယ်”ဟု ဝမ်က ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ကင်မရွန်းကမူ ၎င်းအနေဖြင့် လိုင်အားနိုင်ငံရေး အကြောင်းရင်းဖြင့် ဖိနှိပ်နေသည့်အပေါ် အလွန်စိုးရိမ်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး ၎င်းအားပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ သည်။ အမေရိကန်ကလည်း လိုင်ကိုပြန်လွှတ်ပေးရန် တောင်းဆိုခဲ့သည်။