ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဗိုလ်လုပွဲအဖြစ် သွေးသစ်မောင်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဗိုလ်လုပွဲကို လာမည့်ဒီဇင်ဘာ ၂၄ ရက်၊ နေ့လယ် ၂ နာရီမှစ၍ ANS Fight Zone တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး Skynet Sports Channel များ၊ Channel 9 နှင့် ANS Facebook Page တို့မှ တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
ဗိုလ်လုပွဲနေ့တွင် တွဲဆိုင်းခြောက်ဆိုင်း ထည့်သွင်းကျင်းပမည်ဖြစ်ပြီး အဓိကတွဲဆိုင်းအဖြစ် သွေးသစ်မောင်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။
အခြားစိန်ခေါ်ပွဲများအဖြစ် စိုးနောင်ဦးနှင့် ဒိုးလေး၊ လင်းထက်အောင်နှင့် ရဲလင်းဦး၊ အောင်ထက်ဦးနှင့် သက်ပိုင်အောင်၊ စောငမောက်နှင့် ကြယ်စင်ထွန်း၊ ကိုကိုနှင့် ဆလိုင်းထန်ခွီးရှိန်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည်ဖြစ်ကြောင်း သိရသည်။
ANS သည် (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲကို ကွာတားဖိုင်နယ်အဆင့်မှစ၍ ရိုးရာလက်ဝှေ့သမား ရှစ်ဦးဖြင့် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ချန်ပီယံခါးပတ်လုပွဲ ကွာတားဖိုင်နယ်အဖြစ် စိန်လုံးချောနှင့် ကမ္ဘာရှား၊ သွေးသစ်မောင်နှင့် ကျားပေါက်၊ ရဲသွေးနီနှင့် အဲမွီ၊ ဇွဲရာမာန်နှင့် သက်ဝင်းအောင်တို့ ယှဉ်ပြိုင်ထိုးသတ်ခဲ့ကြခြင်းဖြစ်သည်။
သွေးသစ်မောင်သည် ကွာတားအဆင့်တွင် ကျားပေါက်ကို အမှတ်ဖြင့်လည်းကောင်း၊ ဆီမီးအဆင့်တွင် စိန်လုံးချောကို ပထမအချီမှာပင် အကွဲထိုးဖြင့်လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။
သက်ဝင်းအောင်သည် ကွာတားအဆင့်တွင် ဇွဲရာမာန် ကို ဒုတိယအချီတွင် အလဲထိုးဖြင့်လည်းကောင်း၊ ဆီမီးအဆင့်တွင် အဲမွီကို အမှတ်ဖြင့်လည်းကောင်း အနိုင်ရရှိကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခြင်းဖြစ်သည်။
ANS (၆၃.၅ -၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ုပြိုင်ပွဲတွင် ချန်ပီယံခါးပတ်ရရှိမည့် အားကစားသမားသည် (၆)လ တစ်ကြိမ် ချန်ပီယံဆုကာကွယ်ရမည်ဖြစ်ပြီး စိန်ခေါ်ခွင့်ရရှိမည့်သူများမှာ အဆင့်(၂)၊ အဆင့် (၃) နှင့် အဆင့်(၄) နေရာတွင် ရပ်တည်သူများဖြစ်သည်။
သို့သော် ပြင်ပမှရိုးရာလက်ဝှေ့သမားများအနေဖြင့် ချန်ပီယံခါးပတ် စိန်ခေါ်လိုပါက ချန်ပီယံဖြစ်ထားသူနှင့် မထိုးသတ်မီ အဆင့်(၄)၊ အဆင့်(၃)၊ အဆင့်(၂) နေရာရရှိထားသူများကို အဆင့်ဆင့်စိန်ခေါ်ထိုးသတ်ပြီး အနိုင်ရရှိမှသာ စိန်ခေါ်ခွင့်ရရှိမည်ဖြစ်ကြောင်း သိရသည်။
ANS (၆၃.၅ – ၆၇) ကီလိုတန်း မြန်မာ့ရိုးရာလက်ဝှေ့ ချန်ပီယံခါးပတ်လုပွဲ ဗိုလ်လုပွဲထိုးသတ်မည့် သွေးသစ်မောင်သည် ပြီးခဲ့သည့် ဒီဇင်ဘာလဆန်းက ကရင်ပြည်နယ်၊ မြိုင်ကြီးငူတွင် စိန်လုံးချော နှင့် ထိုးသတ်ခဲ့ရာ သရေ၊ သက်ဝင်းအောင် သည် စောလားဒို့နှင့် ထိုးသတ်ခဲ့ရာ သရေကျခဲ့ကြကြောင်း သိရသည်။