ကိုရီးယားလေဆိပ်များတွင် တားမြစ်ပစ္စည်းများဖြစ်သည့် ကွမ်းရွက်၊ အသားကြော် အစရှိသည်တို့ကို သယ်ဆောင်သဖြင့် မြန်မာလုပ်သားအချို့ ဒဏ်ရိုက်ခံရခြင်းများရှိရာ သယ်ယူခြင်းမပြုရန် အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက ထပ်မံသတိပေးချက်ထုတ်ပြန်သည်။
ကိုရီးယားအပြည်ပြည်ဆိုင်ရာ လေဆိပ်တစ်ခုဖြစ်သည့် အင်ချွန်းလေဆိပ်မှတစ်ဆင့် ကိုရီးယားနိုင်ငံတွင် သွားရောက်လုပ်ကိုင်မည့် Re-entry မြန်မာလုပ်သားအချို့မှာ ဒီဇင်ဘာ ၁၄ ရက်တွင် တားမြစ်ပစ္စည်းများ ယူဆောင်လာမှုဖြင့် လေဆိပ်၌ ပစ္စည်းများ သိမ်းဆည်းခံခဲ့ရပြီး ဒဏ်ငွေများလည်း ပေးဆောင်ခဲ့့ရသည်ဟု အဆိုပါအေဂျင်စီက သတင်းထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများအနေဖြင့် မြန်မာလုပ်သားများ၏ ပုံရိပ်မကျဆင်းစေရန်နှင့် ကိုရီးယားနိုင်ငံတွင်း ဝင်ရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားများ အဆင်ပြေချောမွေ့စေရန် ၀ိုင်းဝန်းကူညီသောအားဖြင့် တားမြစ်ပစ္စည်းများကို သယ်ဆောင်ခြင်းမပြုကြရန် တိုက်တွန်းကြောင်း ထပ်မံအသိပေးအပ်သည်ဟု အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီက သတိပေးချက်ထုတ်ပြန်သည်။
ကိုရီးယားနိုင်ငံမှ နိုင်ငံတွင်းသို့ ဝင်ရောက်ရာတွင် တားမြစ်ထားသည့်ပစ္စည်းများမှာ ကွမ်းရွက်၊ ဆေးပေါ့လိပ်၊ အသားကြော်၊ အသားခြောက်၊ လိမ္မော်သီး၊ ကြက်အူချောင်း၊ သံပုရာသီး၊ ဒညင်းသီး၊ စည်သွပ်ဘူး၊ ငါးခြောက် အစရှိသည်တို့ဖြစ်ကြောင်း သိရသည်။
အဆိုပါပစ္စည်းများကို သယ်ဆောင်လာပါက အနည်းဆုံး ဝမ်သုံးသန်းမှ၊ ဝမ်ငါးသန်းအထိ ဒဏ်ငွေပေးဆောင်ရခြင်း၊ ပြည်ဝင်ခွင့်မပြုခြင်းတို့ကို ကိုရီးယားအစိုးရမှ စီမံချက်ချမှတ်ထားသည်ဟု သိရသည်။
သယ်ဆောင်ခြင်းမပြုသည့်ပစ္စည်းများမှာ သစ်သီးနှင့်အခြောက်ခံထားသည့် အသီးအနှံများ၊ သစ်စေ့များ၊ အပင်ပေါက်များနှင့် တိရစ္ဆာန်မှ ထုတ်လုပ်သည့်အစားအစာများဖြစ်ကြောင်း သိရသည်။
ကိုရီးယားနိုင်ငံသို့ မြန်မာလုပ်သားများ အလုပ်သွားရောက်လုပ်ကိုင်ရာတွင် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေး၊ ဆောက်လုပ်ရေးအစရှိသည့်လုပ်ငန်းများတွင် သွားရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။
ကိုရီးယားနိုင်ငံသို့ သွားရောက်လုပ်ကိုင်ရန် ဘာသာစကား တတ်ကျွမ်းမှုရှိရန် သင်တန်းတက်ရောက်ကာ ဘာသာစကား စစ်ဆေးခြင်းစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီးအောင်မြင်မှသာ အလုပ်လျှောက်ထားခွင့်ရှိကာ သွားရောက်လုပ်ကိုင်ရမည်ဖြစ်ကြောင်း သိရသည်။
မြန်မာလူငယ်အများစုမှာ မလေးရှား၊ ထိုင်းအစရှိသည့် နိုင်ငံများအပြင် လုပ်ခလစာပိုမိုရရှိသည့် ကိုရီးယား၊ ဂျပန်နိုင်ငံများသို့လည်း သွားရောက်လုပ်ကိုင်မှု ပိုမိုများပြားလာခဲ့ကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီများ၏ ပြောကြားချက်အရ သိရသည်။