နယ်စပ်ဖြတ်ကျော် ရွှေရောင်းဝယ်ခြင်းနှင့် ရွှေစျေးကွက်အတွင်း စျေးကစားမှုများ လုံးဝပျောက်ကွယ်သွားပြီဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
သက်ဆိုင်ရာကော်မတီများ၊ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ ရွှေရောင်းဝယ်မှုသင်တန်းများ ဖွင့်လှစ်နိုင်ခြင်း အစရှိသည်တို့ကြောင့် ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။
“နယ်စပ်ဖြတ်ကျော်ရောင်းဝယ်ခွင့်လုံးလုံးပျောက်သွားပါပြီ။ အဲ့ဒီလိုပဲ ရွှေစျေးကွက်မှာ ရွှေစျေးကစားတာတွေလည်း အားလုံးပျောက်ဆုံးသွားပြီဖြစ်ပါတယ်။ ဒါက ဌာနဆိုင်ရာရဲ့ ထိန်းကျောင်းပေးမှု၊ အသင်းသူအသင်းသား ရွှေကုန်သည်တွေရဲ့ စည်းလုံးညီညွတ်မှု သင်တန်းတွေရဲ့ ဖွင့်လှစ်လိုက်တဲ့ရည်ရွယ်ချက်တွေကို ဥပဒေတွေကို ပြည်သူလူထုအတွင်းမှာ စိမ့်ဝင်ပျံ့နှံ့တာတွေ၊ ငွေကြေးခဝါချမှုဥပဒေ ပျံ့နှံ့လာတဲ့အတွက် နယ်စပ်ဖြတ်ကျော်ရွှေရောင်းဝယ်တာ၊ စျေးကစားတာတွေ အထူးပပျောက်သွားပါတယ်လို့ တင်ပြလိုပါတယ်” ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဥက္ကဌ ဦးမျိုးမြင့်က ပြောကြားသည်။
ကမ္ဘာ့ရွှေစျေးမြင့်တက်မှုနှင့် ကောလာဟလသတင်းများမှာ ရွှေစျေးကွက်အတွင်း ရိုက်ခတ်မှုကြီးမားကြောင်း၊ လတ်တလောတွင် ကောလာဟလသတင်းများ မထွက်သဖြင့် စျေးကွက်တွင် တည်ငြိမ်နေသည်ဟု ဦးမျိုးမြင့်က ဆက်လက်ပြောကြားသည်။
“ပြည်တွင်းမှာလည်း ကောလာဟလတွေက ကျဆင်းလာတော့ ပြည်တွင်းရွှေစျေးက အကျပိုင်းဘက်ကို ရောက်နေပါတယ်။ ဒီနှစ်က ကမ္ဘာ့ရွှေစျေးအလှုပ်အခတ်ကလည်းကြမ်းတယ်။ ကမ္ဘာ့စီးပွားရေးကလည်း ကြမ်းတော့ အလှုပ်အခတ်များခဲ့တယ်” ဟု ဦးမျိုးမြင့်က ပြောကြားသည်။
ဒီဇင်ဘာ ၁၈ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း၏ ထုတ်ပြန်ချက်အရ ပြည်တွင်းအကယ်ဒမီမီးလင်းရွှေစျေးနှုန်းမှာ တစ်ကျပ်သားလျှင် ကျပ်သုံးဆယ့် ခြောက်သိန်းတစ်သောင်း လေးထောင့် လေးရာဖြစ်ကြောင်း သိရသည်။