မြောက်ကိုရီးယားအနေဖြင့် အမေရိကန်ကို နျူကလီးယားဖြင့် တိုက်ခိုက်မည်ဆိုပါက ကင်ဂျုံအွန်အစိုးရအဖွဲ့၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဟု အမေရိကန်သမ္မတအိမ်ဖြူတော်က ဒီဇင်ဘာ ၁၆ ရက်တွင် ထပ်မံသတိ ပေးခဲ့သည်။
၀ါရှင်တန်တွင် အမေရိကန်-တောင်ကိုရီးယား နျူကလီးယားအတိုင်ပင်ခံအဖွဲ့က ထုတ်ပြန်ခဲ့သည့် ပူးတွဲအစီရင်ခံစာတွင် မြောက်ကိုရီးယားအနေဖြင့် တောင်ကိုရီးယားအပေါ် မည်သည့်ပုံစံမျိုးနှင့်မဆို တိုက် ခိုက်ခဲ့မည်ဆိုပါက လျင်မြန်၊သာလွန်ပြီး ပြင်းထန်သည့် တုံ့ပြန်မှုနှင့် ရင်ဆိုင်ရမည်ဟု ဖော်ပြခဲ့သည်။
အမေရိကန်အနေနှင့် တောင်ကိုရီးယားအား နျူကလီးယားအင်အားအပါအဝင် အမေရိကန်၏ လုပ်နိုင်စွမ်းအပြည့်အဝဖြင့် ကျောထောက်နောက်ခံပြုပြီး တောင်ကိုရီးယားအတွက် ချဲ့ထွင်ထားသော အဟန့်အတားတစ်ခုကို ထောက်ပံ့ပေးမည်ဆိုသည့် မဆုတ်မနစ်သော ကတိကဝတ်ကို ထပ် လောင်းအတည်ပြုကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ဖော်ပြခဲ့ သည်။ဧပြီလအတွင်းကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် မြောက်ကိုရီးယားအနေနှင့် မည်သည့်နျူကလီးယားတိုက်ခိုက်မှုကိုမဆို ပြုလုပ်မည်ဆိုပါက ယင်းသည် မြောက်ကိုရီးယားအစိုးရ၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဟု အလားတူပြင်းထန်သည့် သတိပေးချက် ထုတ်ပြန်ခဲ့သည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလကလည်း အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က မြောက်ကိုရီးယားအနေနှင့် အမေရိကန် သို့မဟုတ် အမေရိကန်၏ မဟာမိတ်များအပေါ် မည်သည့်နျူကလီးယားတိုက်ခိုက်မှု ကိုမဆို ပြုလုပ်မည်ဆိုပါက ကင်အစိုးရအဖွဲ့၏ အဆုံးသတ်ဖြစ်လာလိမ့်မည်ဟု သတိပေးခဲ့သည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သည့်နှစ်က ၎င်းကိုယ်ကိုယ် ခိုင်မာသည့် နျူကလီးယား အင်အားကြီးနိုင်ငံအဖြစ်ကြေညာခဲ့ပြီး နျူကလီးယားစီမံကိန်းကို မည်သည့်အခါမျှ စွန့် လွှတ်သွားမည်မဟုတ်ကြောင်း ထပ်တလဲလဲ ပြောကြားခဲ့သည်။
ထိုနျူကလီးယားစီမံကိန်းသည် မြောက်ကိုရီးယားနိုင်ငံ ရှင်သန်ရပ်တည်နိုင်ရေးအတွက်မရှိမဖြစ် စီမံကိန်းတစ်ခုအဖြစ် ကင်အစိုးရအဖွဲ့က ယူဆထားသည်။
ပြီးခဲ့သည့်လကလည်း မြောက်ကိုရီးယားသည် ၎င်း၏ ပထမဆုံးစစ်ဘက်သုံး စပိုင်ဂြိုဟ်တုတစ်စင်းကို ပတ်လမ်းအတွင်းသို့ အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ပြီး ထိုဂြိုဟ်တုဖြင့် အမေရိကန်နှင့် တောင်ကိုရီးယား၏ အဓိ ကစစ်စခန်းများကို ရိုက်ပုံများရိုက်ကူးယူနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
တောင်ကိုရီးယား အမျိုးသားလုုံခြုံရေး လက်ထောက်အကြံပေးပုဂ္ဂိုလ်ဖြစ်သည့် ကင်တေးယိုကမူ မြောက်ကိုရီးယားသည် ယခုလအတွင်း တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည် တစ်စင်းကို စမ်းသပ်ဖွယ်ရှိကြောင်း ဒီဇင်ဘာ ၁၅ ရက်က ပြောကြားခဲ့သည်။
ကင်သည် တောင်ကိုရီးယားနှင့် အမေရိကန်ခေါင်းဆောင်များအကြား ထိပ်သီးအဆင့် ဆွေးနွေးမှုဖြစ်သည့် နျူကလီးယား အတိုင်ပင်ခံအဖွဲ့၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးအဖြစ် အမေရိကန်အရာရှိများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
မြောက်ကိုရီးယားသည် တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်၏ပင်မနယ်မြေရှိ ပစ်မှတ်များအထိ ရောက်ရှိနိုင်သည့် ပဲ့ထိန်း ဒုံးကျည်အများအပြားကို ထုတ်လုပ်ခြင်း၊ စမ်းသပ်ခြင်းများ ပြုလုပ်ခဲ့သည်။