ယူကရိန်းကိုထောက်ပံ့မည့် ဥရောပသမဂ္ဂ၏ ဒေါ်လာ ၅၀ ဘီလျံ ငွေကြေးအကူအညီကို ဟန်ဂေရီနိုင်ငံက ဗီတိုအာဏာဖြင့် ပယ်ချခဲ့ပြီးနောက် ယူကရိန်းနှင့် ရုရှားအကြား ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဒရုန်းများဖြင့် အပြန်အလှန်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည်။
ယူကရိန်း လေကြောင်းကာကွယ်ရေး တပ်ဖွဲ့သည် ဒေသ ၁၁ ခု၌ ရုရှား၏ ညအချိန် တိုက်ခိုက်မှုအတွင်း ဒရုန်း ၃၁ စင်းအနက် အစင်း ၃၀ ကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြား ခဲ့သည်။
ရုရှားကလည်း ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကို ဟန့်တားနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၅ ရက်မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။
၂၀၁၄ ခုနှစ်က ယူကရိန်းထံမှ သိမ်းယူခဲ့သည့် ခရိုင်းမီးယားကျွန်းဆွယ်ပေါ်တွင် ယူကရိန်း၏ ဒရုန်း ၃၂ စင်းကို ပစ်ချခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အစီရင်ခံစာထုတ်ပြန်ခဲ့ပြီး ထိခိုက်ပျက်စီးမှု သို့မဟုတ် ဒဏ်ရာရ၊သေဆုံးမှု ရှိမရှိ ဖော်ပြခဲ့ခြင်းမရှိပေ။
ရုရှားသည် ခရိုင်းမီးယားဒေသကို ယူကရိန်းစစ်ပွဲအတွင်း အဓိကထောက်ပို့ဆုံမှတ် တစ်ခုအဖြစ် အသုံးချလျက်ရှိသည်။
ကာ့စ်ဒေသတွင်လည်း ရုရှားနယ်နိမိတ်အတွင်းရှိ စခန်းများကို ပစ်မှတ်ထားသည့် ဒရုန်းခြောက်စင်းကို ပစ်ချခဲ့ကြောင်း အစောပိုင်းက ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အသေးစိတ်အချက်အလက်များမပါဘဲ ထုတ် ပြန်ခဲ့သည်။
ရုရှားနယ်စပ်ဒေသများတွင် ဒရုန်းတိုက်ခိုက်မှုများသည် နေ့စဉ်နီးပါး ဖြစ်ပွားလျက်ရှိပြီး ဒရုန်းအစင်းရေ အနည်းနှင့်အများသာ ကွာခြားသည်။ကာ့စ်ဒေသအုပ်ချုပ်ရေးမှူး ရိုမန်စတာရိုဗွိုက်ကလည်း အဆိုပါဒေသ တွင်နေထိုင်သူများအနေနှင့် စိုးရိမ်ပူပန်ခြင်းမပြုရန် ပြောကြားခဲ့ပြီး တိုက်ခိုက်မှုများဖြစ်ပွားကြောင်း Telegram တွင် အတည်ပြုခဲ့သည်။
ရုရှား၏မြို့တော် မော်စကိုနှင့် ဆင်ခြေဖုံးရပ်ကွက်များသည်လည်း ယူကရိန်းဒရုန်း တိုက်ခိုက်မှုများ၏ ပစ်မှတ်များဖြစ်ခဲ့သည်။ ထိုအချိန်အတောအတွင်း ရုရှားကလည်း ယူကရိန်း၏ မြို့များကို နေ့စဉ်နီးပါး ဗုံးကြဲတိုက် ခိုက်လျက်ရှိသည်။
ယူကရိန်း၏ တစ်စိတ်တစ်ပိုင်း သိမ်းပိုက်ခံထားရသည့် တောင်ပိုင်းခါဆန်ဒေသတွင် ရုရှားက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူး ဗလာဒီမာဆယ်လ်ဒို၏ Telegram တွင် လည်း ရုရှားလေကြောင်းကာကွယ်ရေးတပ် ဖွဲ့များသည် ဟန်နစ်ချက်စ်မြိုကအနီးရှိ လေ ကြောင်းပစ်မှတ် ၁၅ ခုထက်မနည်းကို ပစ်ချနိုင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထို့ပြင် ရုရှားက ထိန်းချုပ်ထားသည့် ခါဆန်ဒေသ၏ နယ်မြေတစ်ခုရှိ ကျေးရွာကို ယူကရိန်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့သဖြင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ဆယ်လ်ဒိုက ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ထိုအချိန်အတောအတွင်း ယူကရိန်းတို့ ထိန်းချုပ်ထားသည့် ခါဆန်ဒေသ၏ နယ်မြေများတွင် လက်နက်ကြီးကျည်ကျရောက် ပေါက်ကွဲမှုကြောင့် လူနှစ်ဦးဒဏ်ရာရခဲ့သည်ဟု ယူကရိန်း၏ ဒေသအုပ်ချုပ်ရေးမှူး အိုလက်ဇန်းဒါး ပရောကူတင်က ဒီဇင်ဘာ ၁၆ ရက်တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်လအတွင်း ယူကရိန်းနှင့် ရုရှားအကြား ဒရုန်းတိုက်ခိုက်မှုများ မြင့်တက်ခဲ့ပြီး စစ်ပွဲသည် နှစ်နှစ်နီးပါးကြာမြင့်လာချိန်တွင် တစ်ဖက်နှင့်တစ်ဖက် အလျှော့ပေးမည့်လက္ခဏာများကို ပြသခြင်းမရှိဘဲ ထိုစစ်ပွဲသည် ကြာမြင့်လိမ့်မည်ဖြစ်ကြောင်း ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။