သားကိုဆုံးရှုံးလိုက်ရသဖြင့် ပူဆွေးနေသောဖခင် ဆီးခူးဝူသည် တရုတ်နိုင်ငံအရှေ့ပိုင်းရှိ တိတ်ဆိတ် နေသောသုသာန်တွင် သူ၏ဖုန်းကို ထုတ်လိုက်ပြီး ဖုန်းကို အုတ်ဂူပေါ်တင်လိုက်ကာ အသံဖမ်းထားသော သား၏အသံကို ဖွင့်လိုက်ပါသည်။
ဖွင့်လိုက်သော စကားလုံးများသည် ဘယ်တော့မှ စကားမပြောတော့သော ကွယ်လွန်သွားသော ကျောင်းသားပြောသည့် စကားလုံးများဖြစ်သည်။ ထိုစကားလုံးများသည် AI ဖြင့် အသက်ဝင်လာသည်။
“ ကျွန်တော့်ကြောင့် အဖေနေ့တိုင်း ကြီးကြီးမားမားထိခိုက်ခံစားနေရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ကျွန်တော့်မှာ အပြစ်ရှိပါတယ်။ အကူအညီလည်း ကင်းမဲ့နေပါတယ်“ ဟု စက်ရုပ်ဆန်နေသော လေသံဖြင့် ရွှမ်းမိုက တည်ငြိမ်စွာပြောနေပါသည်။
“ အဖေ့ရဲ့ဘေးမှာ ကျွန်တော်ဘယ်တော့မှ မရှိနိုင်တော့ဘူးဆိုပေမယ့် ကျွန်တော့်လိပ်ပြာက ဒီလောကမှာ ရှိနေဆဲဖြစ်ပါတယ်။ တစ်ဘဝလုံး အဖေနဲ့အတူရှိနေပါတယ်”ဟု ပြောသည်။
ဝမ်းနည်းနေသော ဝူနှင့်ဇနီးသည်တို့သည် ဘဝတစ်ပါးသို့ပြောင်းသွားသူများကို ကိုယ်ပွားပုံစံ ဖန်တီးပေးသည့် AI နည်းပညာကို အသုံးပြုမှုများပြားလာသည့် တရုတ်ပြည်သူများထဲတွင် ပါဝင်လာပါသည်။
နောက်ဆုံးတွင်ဝူသည် ကွယ်လွန်သွားသော သားကဲ့သို့ပြုမူသော အစစ်နှင့်တူသော ကိုပွားကိုဖန်တီး လိုသည်။ ဖန်တီးထားသောသားသည် virtual reality တွင် နေထိုင်သူဖြစ်ပါသည်။
“ အစစ်နဲ့ မတ္တာဗာ့( အစစ်နှင့် တူအောင် ကွန်ပျူတာဖြင့်ဖန်တီးထားသော ပတ်ဝန်းကျင်)တို့ကို ချိန် ကိုက်လှုပ်ရှားစေတဲ့အခါ ကျွန်တော့်သားဟာ ကျွန်တော်နဲ့အတူရှိနေတော့မှာပါ” ဟု ဝူက ပြောသည်။
“ကျွန်တော်ဟာ သူ့အဖေဆိုတာ သူသိသွားအောင် သူ့ကို လေ့ကျင့်ပေးနိုင်ပါတယ်”ဟ ု၎င်းကပြောသည်။
ကွယ်လွန်သွားသူ၏ စက္ကန့် ၃၀ စာ အသံမှတ်တမ်းလေးရှိရုံမျှဖြင့် ဒစ်ဂျစ်တယ်လူထောင်ချီ ဖန်တီးနိုင်သည်ဟု တရုတ်ကုမ္ပဏီအချို့က ပြောသည်။
ချစ်ရသူများကို ဆုံးရှုံးခြင်းကြောင့်ယူကျုံးမရဖြစ်နေသော လူများအတွက် အလွန်လိုအပ်နေသော နှစ်သိမ့်မှုကို မိမိတို့ပေးနိုင်သည်ဟု ပညာရှင်များက ပြောပါသည်။
သို့ရာတွင် သူတို့ကဗြိတိန် သိပ္ပံဇာတ်လမ်းတွဲ Black Mirror (ကြေးမုံနက်)ထဲက နေသားမကျ ဖြစ်နေသော အကြောင်းအရာကိုလည်း သတိရအောင်လုပ်ပေးပါသည်။ အဆိုပါဇာတ်လမ်းတွဲတွင် ဆွေမျိုးသားချင်းဆုံးပါးသဖြင့် ပူဆွေးသောကရောက်နေသူများကို အကူအညီပေးရန်အတွက် လူတို့က နည်းပညာမြင့် AI ကို အားကိုးနေကြရသည်။
ဝူနှင့် ဇနီးသည် တစ်ဦးတည်းသောသား ရွှမ်းမို အသက် ၂၂ နှစ် အရွယ်တွင် ရုတ်တရက် လေဖြတ်ပြီး ဆုံးပါးသွားသဖြင့် လွန်စွာပူဆွေးနေကြသည်။ ရွှမ်းမိုသည် ဗြိတိန်ရှိ အိတ်ဇီတာက္ကသိုလ်ကို တက်ရောက် လျက်ရှိစဉ် ရုတ်တရက် ဆုံးပါးသွားခြင်းဖြစ်သည်။
ထက်ထက်သန်သန်ရှိလှသည့် အားကစားသမားတစ်ဦးဖြစ်ပြီး ကွယ်လွန်ပြီးမှ ခန္ဓာကိုယ်အင်္ဂါအ စိတ်အပိုင်းများကို လှူဒါန်းထားသူစာရင်းနှင့် ဘဏ္ဍာရေးဘာသာရပ် ကျောင်းသားရွှမ်းမိုသည် ချမ်းသာ၍ အမျိုးမျိုး အဖုံဖုံပြောင်းလဲနေသော ဘဝကိုပိုင်ဆိုင်ထားသူဖြစ်သည်ဟု ဝူက ပြောသည်။
“ သူဟာ လူတွေကို အမြဲကူညီလိုစိတ်နဲ့ အမှားအမှန်ခွဲခြားတတ်တဲ့ စိတ်အမြဲတမ်းရှိပါတယ်”ဟု ဝူက အေအက်ဖ်ပီသတင်းဌာနကို ပြောသည်။
တရုတ်နိုင်ငံတွင် Chat GTP လိုနက်နက်ရှိုင်းရှိုင်း လေ့လာနေသော နည်းပညာများတိုးပွားလာပြီးနောက် ဝူသည် ရွှမ်းမိုကိုအသက်ပြန်သွင်းရန် နည်းလမ်းများကို စတင် သုတေသနပြုခဲ့သည်။
သူသည် သားဖြစ်သူ၏ ဓာတ်ပုံများ၊ ဗီဒီယိုများ၊ သွင်းထားသော အသံများကို စုဆောင်းခဲ့သည်။ ရွှမ်းမို၏ မျက်နှာနှင့်အသံတို့ကို တစ်ထပ်တည်းတူအောင် လုပ်ပေးသော AI ကုမ္ပဏီများကို ဒေါ်လာထောင်ချီ အကုန်အကျခံကာ ငှားခဲ့သည်။
လက်ရှိ အချိန်ထိရလဒ်များသည် ပီပီပြင်ပြင်မရှိသေးပါ။ ဝူသည် သားအကြောင်း ကွန်ပျူတာ အချက် အလက်အများအပြားကို ဖန်တီးရန် လုပ်ငန်းအဖဲွ့ကိုလည်း ဖွဲ့စည်းထားသည်။
ဝူသည် သား၏စဉ်းစားပုံ ၊ပြောဆိုပုံတို့ကို အလွန်တိကျသည့် ပုံစံဖြင့် ကော်ပီလုပ်ပေးနိုင်သော ကိုယ်ပွားကို ဖန်တီးရန် အဆိုပါ အချက်အလက်များကို အားကောင်းသော အယ်လဂိုရီသမ်ထဲသို့ ထည့်သွင်းရန် မျှော်မှန်းထားသည်။
Ghost Bots ဟုခေါ်သော ကိုယ်ပွားများကို အထူးပြုလုပ်ကိုင်နေသော ကုမ္ပဏီအချို့သည် လွန် ခဲ့သောနှစ်များတွင် အမေရိကန်ပြည်ထောင်စုတွင် ပေါ်ထွက်လာသည်။ တရုတ်ပြည်တွင်လည်း အဆို ပါလုပ်ငန်းများ အားကောင်းလာသည်ဟု ဆိုသည်။