ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်သားများ၏ မှားယွင်းပစ်ခတ်မှုကြောင့် အစ္စရေးဓားစာခံ သုံးဦးသေဆုံးခဲ့သည့်ဖြစ်စဉ်အတွက် အစ္စရေးစစ်တပ်က ဝမ်းနည်းကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ သည်။
အသက် ၂၀ ကျော်အရွယ်များဖြစ်သည့် ယိုတမ်ဟာအင်၊ အလွန်ရှမ်ရစ်ဇ်နှင့် ဆာမာအယ်တာလယ်ကာ အမည်ရှိ လူငယ်သုံးဦးသည် ဂါဇာစီးတီးမြို့အနီးဝန်းကျင်တွင် ပြုလုပ်သည့် စစ်ဆင်ရေးများအတွင်း မှားယွင်း ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်ဟု အစ္စရေး စစ်တပ်က ပြောကြားခဲ့ပြီး တဲလ်အဗစ်မြို့တွင် ထိုဖြစ်စဉ်ကိုဆန့်ကျင်သည့် ဆန္ဒပြမှုများဖြစ်ပွားခဲ့သည်။
ဟားမာ့စ်အဖွဲ့သည် အောက်တိုဘာ ၇ ရက်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး လူပေါင်း ၁၂၀၀ ခန့်သတ်ဖြတ်ခဲ့ကာ လူပေါင်း ၂၄၀ ခန့်ကို ပြန်ပေးဆွဲသွားခဲ့ခြင်းဖြစ်ပြီး ယခုသေဆုံးခဲ့သူသုံးဦးသည် အဆိုပါ ဓားစာခံများထဲတွင် ပါဝင်သူများဖြစ်သည်။
“ရှီဂျိုင်ယာရပ်ကွက်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့(IDF)ရဲ့ တပ်ဖွဲ့ဝင်တွေဟာ အစ္စရေးဓားစာခံသုံးဦးကို ခြိမ်းခြောက်မှုတစ်ခုအဖြစ် မှားယွင်းယူဆခဲ့ပြီး ပစ်ခတ်မိခဲ့တာကြောင့် ဓားစာခံတွေ သေဆုံးခဲ့ပါတယ်။ IDF အနေနဲ့ အခုဖြစ်စဉ်နဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်း၊ ကျန်ရစ်သူမိသားစုတွေနဲ့ ထပ်တူပူဆွေးမိပါတယ်”ဟု IDF ပြောရေးဆိုခွင့်ရှိသူ ဒန်နီယယ် ဟာဂါရီက ပြေကြားခဲ့သည်။
သေဆုံးခဲ့သည့် ဓားစာခံများ၏ အလောင်းများကို အစ္စရေးသို့ လွှဲပြောင်းပို့ဆောင်ခဲ့ပြီး သေဆုံးသူများသည် ဟာအင်မ် (၂၈ နှစ်အရွယ် ဒရမ်တီးခတ်သူ) ၊ အယ်တာလယ်ကာ (၂၅ နှစ်အရွယ် ဘီဒူအင်အမျိုးသား)နှင့် ရှမ်ရစ်ဇ် (၂၆ နှစ်အရွယ် အမျိုးသား)တို့ ဖြစ်ကြောင်း စစ်ဆေးမှုများအရ အတည်ပြုနိုင်ခဲ့သည်ဟု ဆိုသည်။
၎င်းတို့၏ သေဆုံးမှုသည် ဖြေမဆည်နိုင်လောက်သည့် ဝမ်းနည်းမှုဖြစ်ကြောင်းလည်း ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက ဖော်ပြခဲ့သည်။
“သူတို့ရဲ့ သေဆုံးမှုအတွက် အစ္စရေးနိုင်ငံသားအားလုံးက ဝမ်းနည်းပူဆွေးခဲ့ကြပါတယ်”ဟု နေတန်ယာဟုပြောကြားခဲ့ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကလည်း ထိုဖြစ်စဉ်သည် ဝမ်းနည်းဖွယ်အမှားအယွင်း တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ဒီဇင်ဘာ ၁၅ ရက်နှောင်းပိုင်းက ထိုဖြစ်စဉ်ကို ဖော်ပြသည့် သတင်းများထွက်ပေါ်လာခဲ့ချိန်တွင် ရာနှင့်ချီသည့် အစ္စရေးပြည်သူများသည် တဲလ်အဗစ်မြို့တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာနအပြင်ဘက်တွင် စုရုံးခဲ့ကြပြီး ဟားမာ့စ်တို့ထံတွင် ဖမ်းဆီးခံထားရဆဲဖြစ်သည့် ဓားစာခံ ၁၂၉ ဦးစလုံးကို ဘေးကင်းလုံခြုံစွာ ပြန်လည်လွတ်မြောက်အောင်လုပ်ဆောင်ပေးရန် နေတန်ယာဟုအစိုးရအဖွဲ့ကို တောင်းဆိုဆန္ဒပြခဲ့ကြသည်။
ဆန္ဒပြသူများသည် အစ္စရေးအလံများနှင့် လက်ကိုင်ပိုစတာများကို ကိုင်ပြီး ဝှေ့ယမ်းခဲ့ကြသည်။
“နေ့တိုင်း ဓားစာခံတစ်ယောက်သေနေပါတယ်”ဟု လက်ကိုင်ပိုစတာတစ်ခုတွင် ရေးသားထားသည်။
နိုဝင်ဘာလက အစ္စရေးနှင့် ဟားမာ့စ်အကြား သီတင်းတစ်ပတ်ကြာ အပစ်အခတ်ရပ် စဲရေးသဘောတူညီမှုရရှိခဲ့ပြီး အစ္စရေးအကျဉ်းထောင်များအတွင်းရှိ ပါလက်စတိုင်းများနှင့် ဟားမာ့စ်တို့ဖမ်းဆီးထားသည့် ဓားစာခံများထဲမှ ဓားစာခံ ၁၀၀ ကျော် လဲလှယ်ခဲ့သည်။
ထိုအပစ်အခတ်ရပ်စဲရေး သက်တမ်းကုန်ဆုံးခဲ့ပြီးကတည်းက တိုက်ပွဲများပြန်လည် ဖြစ်ပွားလျက်ရှိသည်။