ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံများ၏ ခေါင်းဆောင်များသည် ပင်လယ်ရေကြောင်းသွားလာမှု လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၁၆ ရက်တွင် စတင်ခဲ့သည့် ဂျပန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှ ထွက်ပေါ်လာသည့် ထုတ်ပြန်ကြေညာချက်မူကြမ်းကို ကိုးကား၍ AFP သတင်းဌာနက ဖော်ပြခဲ့သည်။
တောင်တရုတ်ပင်လယ်တွင် တင်းမာမှုများ ကြီးထွားလာစဉ် ယင်းထိပ်သီးအစည်းအဝေးကို ကျင်းပခဲ့ခြင်းဖြစ်သည်။
သယံဇာတ အရင်းအမြစ်ကြွယ်ဝသော တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က အခိုင်အမာပြောဆိုထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ မလေးရှား၊ ထိုင်ဝမ်၊ ဗီယက်နမ်တို့နှင့် အငြင်းပွားလျက်ရှိသည်။ တောင်တရုတ် ပင်လယ်ကိုဖြတ်သန်း၍ နှစ်စဉ်ကုန်သွယ်မှု ပမာဏသည် ဒေါ်လာသုံးထရီလျံကျော်ရှိသည်။
အမေရိကန်၏ နီးကပ်သော မဟာမိတ်ဖြစ်သည့် ဂျပန်သည်လည်း နယ်မြေပိုင်ဆိုင်မှုနှင့်ပတ်သက်၍တရုတ်နှင့် အငြင်းပွားလျက်ရှိသည်။ ဂျပန်သည် စစ်ရေးအသုံးစရိတ်ကို သိသိသာသာတိုးမြှင့်ခဲ့ပြီး တောင်ကိုရီးယား၊ သြစတြေးလျ အပါအဝင် အာရှ-ပစိဖိတ်နိုင်ငံများနှင့်လည်း လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်က ထုတ်ပြန်ခဲ့သည့် ထိပ်သီးအစည်းအဝေး အပြီးသတ်ထုတ်ပြန် ကြေညာချက်တွင် ဂျပန်နှင့် အရှေ့တောင်အာရှ နိုင်ငံများသည် ပင်လယ်ရေကြောင်း လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု အပါအဝင်လုံခြုံ ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် ကတိကဝတ်ပြုမည်ဟု ဖော်ပြထားသည်။
မကြာသေးမီက ဖိလစ်ပိုင်နှင့် တရုတ်အကြား ပေါက်ကွဲလုနီးပါး အခြေအနေရှိနေသည့် တောင်တရုတ်ပင်လယ်ရှိ ကျောက်တန်းများအနီးတွင် နှစ်ဖက်သင်္ဘောအချင်းချင်း ထိပ်တိုက်တွေ့မှု ဖြစ်ပွားခဲ့ပြီးနောက် အန္တရာယ်ရှိသော လုပ်ရပ်များအပေါ် လေးလေးနက်နက် စိုးရိမ်ကြောင်း ဂျပန်က ဒီဇင်ဘာ ၁၃ ရက်တွင် ပြောကြားခဲ့သည်။ ဖိလစ်ပိုင်သင်္ဘောနှင့် တရုတ်သင်္ဘောတို့ ဝင်တိုက်မိခြင်းနှင့် တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့်ထိုးခြင်းတို့ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ဖိလစ်ပိုင် ကမ်းခြေစောင့်တပ်က ထုတ်ပြန်ခဲ့သည့် ဗီဒီယိုများတွင် ဒီဇင်ဘာ ၉ ရက် နှင့် ၁၀ ရက်က Scarborough(စကားဘရို)သောင်ခုံရှိ ငါးဖမ်းသမားများနှင့် Second Thomas သောင်ခုံရှိ အသေးစား တပ်စခန်းတစ်ခုဆီသို့ သီးခြားထောက်ပံ့ပို့ဆောင်ရေး မစ်ရှင်များလုပ်ဆောင်စဉ် တရုတ်သင်္ဘောများက ဖိလစ်ပိုင်သင်္ဘောများကို မီးသတ်ပိုက်ဖြင့် ထိုးခဲ့ပုံကို ပြသထားသည်။
Second Thomas သောင်ခုံအနီးတွင်လည်း ဖိလစ်ပိုင်နှင့် တရုတ်သင်္ဘောတို့ ဝင်တိုက်မိသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး ယင်းနှင့်ပတ်သက်၍ နှစ်နိုင်ငံစလုံးက အပြန်အလှန်အပြစ်တင်ခဲ့သည်။
ပင်လယ်ရေကြောင်း ပိုင်ဆိုင်မှုနှင့်ပတ်သက်၍ ဥပဒေမဲ့ပြောဆိုခြင်း၊ စစ်ပုံသွင်းခြင်း၊ နိုင်ထက်စီးနင်းပြုမူခြင်းနှင့် တောင်တရုတ် ပင်လယ်တွင်အင်အားသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ကို ကာလရှည်ဆန့်ကျင်ခဲ့သည့် ဖိလစ်ပိုင်နှင့် သဘောထားချင်း တူညီကြောင်း ဂျပန်က ပြောကြားခဲ့သည်။
နိုဝင်ဘာ ၃ ရက်က မနီလာမြို့တွင် ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မားကို့စ်နှင့် ဂျပန်ဝန်ကြီးချုပ် ဖုမိယို ကိရှိဒတို့ တွေ့ဆုံစဉ်အတွင်း ဖိလစ်ပိုင်က ကမ်းခြေစောင့်သင်္ဘောများ ဝယ်ယူရာတွင် ဂျပန်က အကူအညီပေးရေးနှင့် ရေဒါစနစ်တစ်စုံ ထောက်ပံ့ရေးအတွက် သဘောတူညီခဲ့သည်။
ထို့ပြင် တပ်ဖွဲ့ဝင်များ အပြန်အလှန်ဖြန့်ကြက်ခွင့်ပြုမည့် ကာကွယ်ရေးသဘော တူညီချက်တစ်ရပ်နှင့် ပတ်သက်၍လည်း ဂျပန်နှင့် ဖိလစ်ပိုင်တို့အကြား ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိသည်။