နိုင်ငံတဝန်း ဖြစ်ပေါ်နေသည့် စက်သုံးဆီပြတ်လပ်မှု၊ လျှပ်စစ်မီးပြတ်တောက်ချိန်များလာမှု၊ စားသုံးဆီဈေနှုန်း ကြီးမြင့်လာမှု တို့ကြောင့် မန္တလေးမြို့ရှိ အသေးစား၊ အလတ်စား (SME) စက်မှုကုန်ထုတ်လုပ်ငန်းများ အပါအဝင် အိမ်တွင်းလုပ်ငန်းများပါ ရပ်နားလာကြကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
ထိုသို့ ရပ်နားရမှုတွင် လမ်းဘေးအကြော်ဆိုင်မှသည် အလတ်စား စက်မှုလုပ်ငန်းများထိ ပါဝင်နေကာ ဆံသ၊ အလှပြင်ဆိုင်၊ အကြော်စုံလုပ်ငန်း၊ ကျောက်သွေး၊ သံဂဟေ၊ ကွန်ပျူတာစာစီစာရိုက်၊ ပုံနှိပ်မိတ္တူကူး၊ ဖုန်းပြုပြင်ရေးလုပ်ငန်း စသည့် တပိုင်တနိုင် အိမ်တွင်းလုပ်ငန်းအားလုံးနီးပါး ရပ်နားထားရကြောင်း သိရသည်။
စက်မှုဇုန်အတွင်းရှိ သံအရည်ကြိုစက်ရုံတခုမှ မန်နေဂျာတဦးက “အဓိက အရေးကြီးဆုံးက လျှပ်စစ်မီးပေါ့။ လက်ရှိ မီးပျက် တာကြာလာတော့ လုပ်ငန်းတွေ ထိခိုက်မှာစိုးလို့ မီးစက်နှိုးမယ်ဆိုတော့ ပြီးခဲ့တဲ့လကုန်ပိုင်းလောက်ကတည်းက ဆီက အလွယ်တကူ ဝယ်လို့မရ၊ ဝယ်လို့ရပြန်တော့လည်း ခွဲတမ်းနဲ့။ ပြီးတော့ အဲဒီဆီရဖို့အရေး အချိန်ပေးရတာကြောင့် အလုပ် လုပ်ရမယ့် လူအင်အားလျော့ဆိုတော့ အတော့်ကိုစိတ်ညစ်စရာကြီးပါဗျာ။ ပြီးတော့ ဆီကလည်း လိုသလောက်မရတဲ့အပြင် ဈေးကပါကြီးနေတာမို့ လောလောဆယ် အလုပ်တွေနားထားတယ်” ဟု ရှင်းပြသည်။
လျှပ်စစ်မီး အချိန်ကြာမြင့်စွာပျက်ခြင်း၊ ကုန်ကြမ်းပစ္စည်းများ ဈေးမြင့်တက်ကာ လိုသလောက်ဝယ်ယူ၍မရနိုင်ခြင်း၊ ဒေါ်လာ ဈေး၊ စက်သုံးဆီဈေးနှုန်းများ မြင့်တက်ပြီး စက်သုံးဆီ အလွယ်တကူ ဝယ်မရခြင်းတို့ကြောင့် လုပ်ငန်းများ ဆက်လက်လုပ် ကိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့ရကြောင်းလည်း အသေးစား၊ အလတ်စား လုပ်ငန်းရှင်များက ဆိုသည်။
မဟာအောင်မြေမြို့နယ်အတွင်းမှ ပုံနှိပ်လုပ်ငန်းရှင်တဦးက “လျှပ်စစ်မီးမမှန်တော့ လုပ်ငန်းတွေ အချိန်မီပြီးဖို့အတွက် မီးစက်မောင်းရတယ်။ အခု ဆီဈေးတွေက တက်တဲ့အပြင် အလွယ်တကူ ဝယ်မရတာတွေပါ ဖြစ်နေတာ။ လက်ရှိ ဆီဈေးနဲ့ မီးစက်မောင်းပြီး လုပ်ရမယ်ဆိုရင် ဘယ်လိုမှ မကိုက်တော့လို့ ဆိုင်ခဏပိတ်ထားတယ်” ဟု ပြောသည်။
လက်ရှိအခြေအနေတွင် အရောင်းအဝယ် မကောင်းသည့်အပြင် ကုန်ကြမ်းဈေးများလည်းတက်သဖြင့် စီးပွားရေးမှာ ပိုမို ကျပ်တည်းလာပြီး SME လုပ်ငန်းများအနေဖြင့် ရပ်တည်ရန် ခက်ခဲလာကြောင်း၊ တချို့လည်ပတ်နေသည့် လုပ်ငန်းများမှာ လည်း အလုပ်သမားများ ပုံမှန်ထမင်းစားရုံ၊ လောက်ငရုံအတွက်သာ ထိန်းပြီးလုပ်နေရခြင်းဖြစ်ကြောင်း စက်မှုဇုန်အတွင်းမှ လုပ်ငန်းရှင်တဦးကလည်း ရှင်းပြသည်။
ထို့ပြင် စားသုံးဆီဈေးနှုန်း မြင့်တက်နေခြင်းနှင့် ငွေကြေးဖောင်းပွလာမှုများကြောင့် အရင်းအနှီး ထပ်မံဖြည့်တင်းနိုင်ခြင်း မရှိသော အသေးစား၊ အလတ်စား အကြော်စုံလုပ်ငန်းအချို့လည်း ယာယီရပ်နားထားကြောင်း သိရသည်။
“ဆီဈေးက ဒီနေ့ဝယ်ရင်တမျိုး၊ နောက်ရက်ကျရင်တမျိုး ဖြစ်သွားတယ်။ ဆီဈေးနဲ့အတူ အခြားပစ္စည်းတွေလည်း အကုန် တက်တာ။ အဲဒီလိုတွေကြောင့် ဈေးတက်ရောင်းတော့လည်း အရောင်းအဝယ်က နည်းသွားတယ်။ အဲဒါကြောင့် အရင်း မလိုက်နိုင်တော့တဲ့သူတွေဆိုရင် ရပ်လိုက်ရတာတွေရှိတယ်” ဟု အကြော်စုံလုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
ထိုသို့ စားဆီဈေးမြင့်တက်မှုကြောင့် တချို့ကလည်း တွက်ခြေကိုက်စေရန် အကြော်စုံလုပ်ငန်းစက်ရုံများမှ အသုံးပြုပြီးသား ဆီအကျများကို တပိဿာ ၄ ထောင်ကျပ်ခန့်ဖြင့် ဝယ်ယူကာ ရောနှောအသုံးပြုလာကြောင်း၊ မိသားစုလုပ်ငန်းလေးများဖြစ် သည့်အတွက် ပုံမှန်စားသောက်နိုင်နေရေး ကြံဖန်လုပ်ကိုင်နေရခြင်းဖြစ်ကြောင်း ချမ်းမြသာစည်မြို့ နယ်အတွင်းမှ အိမ်တွင်း အကြော်စုံလုပ်ငန်းလုပ်ကိုင်သူတဦးက ဆိုသည်။
အာလူးကြော်၊ ငါးမုန့်ကြော် အပါအဝင် မုန့်အကြော်စုံ၊ ပဲမျိုးစုံကြော် စသည့် အကြော်စုံလုပ်ငန်းများသည် အိမ်တွင်းတပိုင် တနိုင်လုပ်ငန်းများဖြစ်ပြီး စားအုန်းဆီကို အဓိကအသုံးပြုကြောင်း၊ ယခုအခါ စက်ရုံကျဆီများဖြစ်သည့် စားဆီ၊ ပဲဆီ၊ ဝက်ဆီ များကို ဝယ်ယူပြီး စားအုန်းဆီဖြင့် ရောနှောအသုံးပြုလာ၍ တပတ်ရစ်ဆီအကျ ဈေးကွက်တခုပင် ရှိလာကြောင်း သိရသည်။
ဆီအကျများ ဝယ်ယူနေသူတဦးက “စက်ရုံကြီးတွေက အကြော်ဆီကို ၃ ရက်လောက် သုံးပြီးရင် ပြန်ထုတ်တယ်။ အရင်က တည်းက စွန့်ပစ်တာမျိုးမလုပ်ဘဲ စွန့်ပစ်ဈေးနှုန်းလောက်ပဲ ဆီအကျဝယ်တဲ့ ပွဲစားတွေဆီရောင်းခဲ့ကြတာ။ အဲဒီ ဆီအကျ တွေကို ရောဆီအနေနဲ့ ပြန်ရောင်းနေကြတာ။ လက်ရှိ စားဆီဈေးတွေ မြင့်လာတာကြောင့် အကြော်လုပ်ငန်းလေးတွေက တပတ်ရစ်ဆီတွေကို အသုံးပြုကြတာများလာတယ်” ဟု ပြောသည်။
စစ်ကောင်စီ၏ ဒီဇင်ဘာ ၁၁ ရက်မှ ၁၇ ရက်ထိအတွက် စားအုန်းဆီ ရည်ညွှန်းလက်ကား သတ်မှတ်ဈေးမှာ ၁ ပိဿာ ၄,၈၁၅ ကျပ်ဖြစ်ပြီး မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှတဆင့် စားဆီတင်သွင်းသည့် ကုမ္ပဏီများထံမှ ခွဲတမ်းရသည့် ဆိုင်တချို့က ရောင်းချပေးနေကြောင်း သိရသည်။
ထိုသို့ ရောင်းချပေးနေသော်လည်း စားအုန်းဆီ ပြင်ပပေါက်ဈေးမှာ မန္တလေးဈေးကွက်တွင် ၁ ပိဿာ ကျပ် ၉,၅၀၀ မှ ၁၁,၀၀၀ ခန့်ထိ ရောင်းချနေသလို ပဲဆီတပိဿာ ကျပ် ၁၀,၀၀၀ မှ ၁၈,၀၀၀ ခန့်ထိ၊ နှမ်းဆီ တပိဿာ ကျပ် ၁၂,၀၀၀ မှ ၂၀,၀၀၀ ခန့်ထိ ရှိကြောင်း သိရသည်။
လုပ်ငန်းများ ရပ်နားထားရသည့်အပြင် ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေခြင်းကြောင့် လုပ်ငန်းရှင်နှင့် အလုပ်သမား များ အခက်အခဲမျိုးစုံဖြင့် ရင်ဆိုင်နေရကြောင်း၊ အလုပ်သမားများအနေဖြင့် ကျပန်းအလုပ်များ လုပ်ကိုင်နေသော်လည်း စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အချို့က ပြည်ပနိုင်ငံထွက်ပြီး အလုပ်သွားလုပ်ကြကြောင်း သိရသည်။
လျှပ်စစ်မီးပြတ်တောက်မှုနှင့် ပတ်သက်၍ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနသည် ယခင်က ကြိုတင် အသိပေးကြေညာခြင်းများ ရှိခဲ့သော်လည်း ယခုအခါ အကြောင်းကြားခြင်းမရှိဘဲ နေ့စဉ် ပြတ်တောက်နေခြင်းဖြစ်ကြောင်း၊ မီးစက်အသုံးပြု လည်ပတ်နိုင်ရန်အတွက်လည်း စက်သုံးဆီ ပြတ်လပ်မှုနှင့် ဈေးနှုန်းများ ကြီးမြင့်လာခြင်းတို့ကြောင့် အခက် အခဲကြုံနေရခြင်းဖြစ်ကြောင်း စက်မှုလုပ်ငန်းရှင်များက ဆိုသည်။
မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်ဟောင်းတဦးက “စစ်ကောင်စီက အကုန်လုံးနီးပါးကို ထိန်းချုပ်ထားတာ။ အဲဒီအထဲကမှ ဒေါ်လာကိုပါ ထိန်းချုပ်တာကြောင့် စက်မှုလုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်းဝယ်ယူတာမှာ ဈေနှုန်း အဆမတန် ကြီးမြင့်တာမျိုးတွေပါ ရင်ဆိုင်နေရတယ်။ အဲဒီလိုအနေအထားမျိုးမှာ လျှပ်စစ်မီးမမှန်တာကြောင့်လည်း လုပ်ငန်းတွေ ဆက်ပြီးလည်ပတ်ဖို့ ခက်ခဲလာတယ်လို့ ပြောရမှာပေါ့။ လျှပ်စစ်မီးပျက်ချိန် များလာတာကြောင့် ကုန်ထုတ် လုပ်မှု သိသိသာသာ ထိခိုက်စေတယ်” ဟု ပြောသည်။
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန် ၂ ခု၌ စက်မှုလုပ်ငန်း အများဆုံးရှိပြီး အကြီးစားစက်မှု လုပ်ငန်း ၃၉၂ ခု၊ အလတ်စားစက်မှုလုပ်ငန်း ၃၀၄ ခု၊ အသေးစားစက်မှုလုပ်ငန်း ၅၉၆ ခုတို့မှ စားသောက်ကုန်၊ အဝတ်အထည်၊ လူသုံးကုန်၊ အိမ်သုံးကုန်ပစ္စည်းများ၊ စက္ကူထုတ်လုပ်ရေး၊ သံရည်ကြိုကုန်ကြမ်းပစ္စည်း၊ စာပေနှင့်အနုပညာ၊ စိုက်ပျိုးရေးကိရိယာ၊ စက်မှုနှင့်စက်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေစက်မှုလုပ်ငန်းဟူ၍ လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ ခုဖြင့် လည်ပတ်နေကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။
အဆိုပါ စက်မှုလုပ်ငန်းများအနက် အသေးစား၊ အလတ်စား စက်မှုလက်မှုလုပ်ငန်းများတွင် မိသားစု တနိုင်တပိုင်လုပ်ငန်း များလည်း ပါဝင်နေရာ လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခြင်းမရှိဘဲ ရပ်နားသွားနိုင်ကြောင်း စက်မှုလုပ်ငန်းရှင်များက သုံးသပ်ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် အလွန်ဆိုးရွားစွာ လျှပ်စစ်မီးပြတ်တောက်မှု ဖြစ်ပေါ်နေခြင်းသည် စီးပွားရေးလုပ်ငန်းများအပေါ် ရိုက်ခတ်မှုရှိပြီး လုပ်ငန်းများ လည်ပတ်နိုင်ရန် အခက်အခဲများ ဖြစ်စေသည်ဟု စက်တင် ဘာလအတွင်းက ထုတ်ပြန်ခဲ့သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံက ဆိုထားသည်။