နိုဝင်ဘာလမှစတင်ပြီး အင်ဒိုနီးရှားကမ်းခြေ ဘန်ဒါအာချေးသို့ ရိုဟင်ဂျာ ဒုက္ခသည် ၁,၅၀၀ ကျော် ရောက်လာပြီးနောက် အင်ဒိုနီးရှားနိုင်ငံက ဒီဇင်ဘာ ၁၂ ရက်နေ့တွင် နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီ မေတ္တာရပ်ခံလိုက်သည်။
ထိုင်းနှင့် မလေးရှားနိုင်ငံများက ထိုသို့သော ဒုက္ခသည်များကို လက်မခံသော်လည်း အင်ဒိုနီးရှားသည် ထိုကိစ္စကို ယခင်က သည်းခံခဲ့သည်။ သို့သော် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စခန်းများမှ ရောက်လာသည့် ရိုဟင်ဂျာများကို အင်ဒိုနီးရှားနိုင်ငံသားအချို့က မလိုလားသောကြောင့် အရေးယူရန် သမ္မတ မစ္စတာ ဂျိုကို ဝီဒိုဒိုအစိုးရကို ဖိအားပေးနေသည်။
“ဒုက္ခသည် ပြဿနာ၊ အထူးသဖြင့် ပြန်လည်နေရာချထားရေးကိစ္စကို ကိုင်တွယ်တာ လက်ရှိအချိန်အထိ အရမ်းနှေးကွေးတာကို ကျနော်တို့ တွေ့ရတယ်” ဟု အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ မူဟာမက် အစ်ဘယ်က မြို့တော်ဂျကာတာတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတခုတွင် ပြောသည်။
နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဖြေရှင်းရေး အားထုတ်မှုတွင် တာဝန်ယူမှု ပိုမိုပြသရန် ၎င်းကတိုက်တွန်းသည်။
အင်ဒိုနီးရှားသည် ထိုင်းနှင့်မလေးရှားကဲ့သို့ပင် ဒုက္ခသည်များ၏ တရားဝင် အကာအကွယ်ကို ဖော်ပြသည့် ကုလသမဂ္ဂ ၁၉၅၁ ခုနှစ် ဒုက္ခသည်ဆိုင်ရာ နိုင်ငံတကာသဘောတူညီချက်ကို လက်မှတ်ထိုးမထားသောကြောင့် လက်ခံရန် တာဝန် မရှိပေ။ ယခင်က ထိုနိုင်ငံအားလုံးသည် ဒုက္ခရောက်နေသည့် ဒုက္ခသည်များကို ယာယီခိုလှုံခွင့် အနည်းဆုံးပေးသည်။
အင်ဒိုနီးရှားအစိုးရသည် ဒုက္ခသည်များကို ယာယီ အကူအညီပေးနေဆဲဖြစ်ကြောင်း မစ္စတာ ဝီဒိုဒိုက နိုဝင်ဘာလ ၁၁ ရက်နေ့တွင် ပြောသည်။
“ဒေသခံတွေက သူတို့ကို လက်မခံလို့ ကျနော်တို့တွေက ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ UNHCR လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးနေဆဲဖြစ်တယ်” ဟု သမ္မတက သတင်းထောက်များကို ပြောသည်။
၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်က ပြုလုပ်သည့် ရက်စက်ကြမ်းကြုတ်သော စစ်ဆင်ရေးမှ လွတ်မြောက်ရန် မြန်မာမှ ထွက်ပြေးလာပြီးနောက် ရိုဟင်ဂျာ ၇၄၀,၀၀၀ သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဝင်ရောက်အခြေချသည်။
အစုလိုက်အပြုံလိုက် အဓမ္မပြုကျင့်ခြင်း၊ သတ်ဖြတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းစသည့် စွပ်စွဲချက်များကို ကောင်းစွာ မှတ်တမ်းတင်ထားပြီး နိုင်ငံတကာတရားရုံးများက မြန်မာအာဏာပိုင်များ လူမျိုးတုံးသတ်ဖြတ်မှုနှင့် အခြားပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှု ရှိ၊ မရှိ စဉ်းစားသုံးသပ်နေသည်။
ရိုဟင်ဂျာများကို ပြန်လည်ပို့ဆောင်ရန် အားထုတ်မှုများသည်လည်း ၎င်းတို့လုံခြုံရေးကို သံသယရှိသောကြောင့် မအောင်မြင်ပေ။ ထိုမွတ်ဆလင်ရိုဟင်ဂျာများကို ဗုဒ္ဓဘာသာအများစု မြန်မာတွင် နိုင်ငံသားဖြစ်ခွင့်မပေးဘဲ ကျယ်ပြန့်သော လူမှုခွဲခြားဆက်ဆံမှုများ ခံကြရသည်။
ပင်လယ်ပြင်မှ ထွက်ခွာလာသော ဒုက္ခသည်အများစုသည် အလုပ်ရှာရန် မွတ်ဆလင်အများစု မလေးရှားသို့ သွားရောက်ရန် ကြိုးစားကြသည်။
အင်ဒိုနီးရှားတွင် နိုင်ငံလူဦးရေ ၂၇၇ သန်းအနက် ၉၀ ရာခိုင်နှုန်းသည် မွတ်ဆလင်များဖြစ်သည်။ သို့သော် ယခုနှစ်တွင် ရိုဟင်ဂျာဆန့်ကျင်ရေး စိတ်ခံစားမှုများနေပြီး အထူးဖြင့် ဒုက္ခသည်အများစု ရောက်လာသည့် ဆူမတြား ကျွန်းမြောက်ပိုင်း အာချေးပြည်နယ်တွင် ဆန့်ကျင်မှုများနေသည်။
ရိုဟင်ဂျာများ၏ အပြုအမူများသည် မကောင်းကြောင့်နှင့် ဝန်ထုပ်ဝန်ပိုးဖန်တီးကြောင်း ဒေသခံများက စွပ်စွဲပြီး တခါတရံ ၎င်းတို့၏လှေများကို ပြန်မောင်းထုတ်ကြသည်။
လွန်ခဲ့သော ရက်သတ္တပတ်ကုန်က အာချေးသို့ ရိုဟင်ဂျာ ၃၀၀ ပါ လှေ နှစ်စီး ရောက်လာပြီးနောက် မကျေမနပ် ဖြစ်နေသော ဒေသခံများသည် ထိုလှေများကို ပြန်မောင်းထုတ်ရေးအတွက် အာဏာပိုင်များကို တိုက်တွန်းရန် ပြည်နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ထရပ်ကားများဖြင့် သွားရောက်သည်။
ရိက္ခာဖြတ်တောက်ခြင်းနှင့် ဂိုဏ်းဖွဲ့ရာဇဝတ်မှု တိုးလာခြင်းကြောင့် ဒုက္ခသည်စခန်းများတွင် ဘဝများ ပိုမိုခက်ခဲလာသဖြင့် လာမည့်လများတွင် အန္တရာယ်များသည့် ပင်လယ်ရေလမ်းမှလာသည့် ရိုဟင်ဂျာအရေအတွက် ပိုမိုများပြားမည်ဆိုသည့် ပူပန်မှုများလည်း ရှိနေသည်။
ရောက်ရှိလာသည့် ရိုဟင်ဂျာအများစုကို သင့်တင့်လျောက်ပတ်မှု မရှိသည့်နေရာများတွင် ထိန်းသိမ်းထားကြောင်း အာချေးပြည်နယ်မှ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီ UNHCR အရာရှိ မစ္စ အန်းမေမန်းက ပြောသည်။ ၎င်းတို့သည် လူသားချင်း စာနာမှုအကူအညီပေးရေးအတွက် မိတ်ဆွေများနှင့်အတူ လုပ်ကိုင်နေကြောင်း AP သတင်းဌာနသို့ ၎င်းကပြောသည်။
လူမှုကွန်ရက်က တွန်းအားပေးနေသည့် ရိုဟင်ဂျာများကို မလိုလားမှုအတိုင်းအတာကို မစ္စ အန်းမေမန်းက မေးခွန်းထုတ်သည်။ အင်ဒိုနီးရှား နိုင်ငံသားများအကြားတွင် ရိုဟင်ဂျာများကို လက်ခံနားလည်မှုများကိုလည်း တွေ့ရကြောင်း ပြောသည်။
“လက်ခံနားလည်စာနာသူတွေက သူတို့ကို အဝတ်အထည်ပေးတယ်၊ စားစရာပေးတယ်၊ ကူညီတယ်” ဟု ၎င်းက ပြောသည်။
တချိန်တည်းတွင် ရိုဟင်ဂျာများကို ကူညီနေသည့် ကုလသမဂ္ဂ ဒုက္ခသည်အေဂျင်စီနှင့် အခြားအကူအညီပေးရေး အဖွဲ့များကိုလည်း မုန်းတီးမှုရှိကြောင်း၊ အာချေးမှ ကုလသမဂ္ဂဒုက္ခသည် အေဂျင်စီဝန်ထမ်းအချို့သည် လုပ်ငန်းများ ဟန့်တားခံရနိုင်သည့် ပြဿနာများ မဖြစ်စေရန် အေဂျင်စီ အမှတ်တံဆိပ်များကို ဝတ်ဆင်ခြင်း မရှိကြောင်းလည်း ၎င်းကပြောသည်။