YG အေဂျင်စီနှင့် ကေပေါ့စူပါစတားအဖွဲ့ Blackpink တို့ စာချုပ်သက်တမ်းထပ်တိုး လိုက်ပြီဖြစ်သည့်အတွက် အဖွဲ့ဝင်လေးဦးကို တစ်စုတစ်စည်းတည်း ဆက်လက်မြင်ရတော့မည်။ Blackpink နှင့်အေဂျင်စီတို့အကြား စာချုပ်ကိစ္စညှိနှိုင်းနေမှုသည် လချီကြာမြင့်ခဲ့ပြီး အဖွဲ့ပျက်သွားမည်ကို ပရိသတ်ကစိုးရိမ်ခဲ့ကြသည်။
ဒီဇင်ဘာ ၆ ရက် YG ထုတ်ပြန်ချက်တွင် ခိုင်မာသည့်ယုံကြည်မှုကို အခြေခံပြီး အဖွဲ့ လိုက်ဂီတလှုပ်ရှားမှုများအတွက် စာချုပ်ချုပ်လိုက်ပြီဟု ကြေညာထားသည်။ Blackpink က အယ်လ်ဘမ်သစ်များ၊ ကမ္ဘာလှည့်ဖျော်ဖြေမှုသစ်များဖြင့် ကမ္ဘာတစ်ဝန်းရှိပရိသတ်များအား ကျေးဇူးတုံ့ပြန်ရန် အစီအစဉ်ရှိသည်ဟုလည်း TG ကဆိုသည်။
ယွန်ဟပ်သတင်းဌာနဖော်ပြချက်တွင်မူ ဂျီဆူး ၊ လီဆာ ၊ ဂျန်းနီနှင့်ရို့စ်တို့က YG နှင့် တစ်ဦးချင်းစာချုပ်ကိစ္စအတွက် ညှိနှိုင်းနေဆဲ ဟုဆိုသည်။လေးဦးစလုံးက တစ်ဦးချင်းစာချုပ်ကို သက်တမ်းမတိုးတော့လျှင် အဖွဲ့လိုက်လှုပ်ရှားမှုများကိုတော့ မြင်ရမည်၊ သို့သော်လွတ် လပ်စွာ တစ်ကိုယ်တော်အနုပညာလှုပ်ရှားခွင့်လည်း ရမည်ဖြစ်သည်။
ကေပေါ့အဖွဲ့များတွင် အဖွဲ့မှထွက်သူက ထွက်၊ အချို့ကလည်း အေဂျင်စီနှင့်စာချုပ် ထပ်မချုပ်ကြသည့်အတွက် ယခု Blackpink ကဲ့သို့ အဖွဲ့လိုက်ပြန်လက်တွဲကြခြင်းသည် ရှားရှားပါးပါးဖြစ်သည်။YG မှမွေးထုတ်ခဲ့သည့် BigBang နှင့် 2NEI တို့ပင်လျှင် စုစုစည်းစည်းမရှိကြတော့ပေ။
နိုဝင်ဘာတွင် Munhwa IIbo ပြည်တွင်းသတင်းစာက YG နှင့် Blackpink အဖွဲ့တို့ တစ်ဦးချင်းစာချုပ်ကိစ္စ သဘောတူညီမှုမရဘြဲ ပြိုင်ဘက်အေဂျင်စီများကလည်း မက်စရာ ကမ်းလှမ်းမှုများ ပြုလုပ်ထားသည်ဟု ဖော်ပြခဲ့ သည်။YG နှင့် Blackpink စာချုပ်က သြဂုတ်ကတည်းက သက်တမ်းကုန်သွားပြီဖြစ်သည်။ စာချုပ်သက်တမ်းတိုးလိုက်သည့် ကြေညာချက်ကြောင့် YG ၏ရှယ်ယာတန်ဖိုး ၂၀ ရာ ခိုင်နှုန်းကျော် ခုန်တက်လာသည်။
အစောပိုင်းတွင် လီဆာက YG ကို ကျောခိုင်းမည်ဟု သတင်းထွက်ခဲ့ပြီး စက်တင်ဘာ ၁၇ ရက်က ဆိုးလ်တွင်ကျင်းပသည့် Born Pink ကမ္ဘာလှည့်ဖျော်ဖြေမှု အပြီးသတ်ပွဲတွင် လီဆာနှင့်ဂျန်းနီတို့ ငိုခဲ့သဖြင့် Blackpink အဖွဲ့ကို နောက်ဆုံးမြင်ရသည့်ပွဲလားဟု ပရိသတ်က ထင်ခဲ့ကြသည်။လီဆာကို ပြည်ပ ကုမ္ပဏီကြီးများက ကမ်းလှမ်းထားပြီး YG နှင့်ညှိရအခက်ဆုံးက လီဆာဟုလည်း သတင်းများပျံ့ခဲ့သည်။