စီးပွားရေးအဆောက်အအုံတစ်ခုထဲ၌ အခွန်ဟုဆိုလိုက်သည်နှင့် လူတိုင်းနီးပါး သဘောပေါက်နေကြပြီ။ တက္ကသိုလ်ဝင်တန်းဘောဂဗေဒ ဘာသာယူသည့် ကျောင်းသားလေးများဆိုလျှင် ဘောဂဗေဒ အောင်မှတ်ရဖို့၊ ဂုဏ်ထူးရဖို့ ကျက်ရင်းမှတ်ရင်း အခွန်နှင့်ပတ်သက်သည့် အခြေခံအကြောင်းများ အလွတ်ပင်ရနေလောက်ပြီဖြစ်သည်။ လက်တွေ့လောက၌လည်း အခွန်သည် နိုင်ငံတစ်နိုင်ငံ၊ စီးပွားရေးအဆောက်အအုံတစ်ခုအတွက် အလွန်ပင်အရေးကြီးသော ပြည်သူ့ဘဏ္ဍာ ရေး၏ အစိတ်အပိုင်း ကြီးတစ်ရပ်ဖြစ်သည်ကို နိုင်ငံသူနိုင်ငံသားများနှင့် အစိုးရများကိုယ်တိုင် ကောင်းစွာသဘောပေါက်၍ ထိထိရောက်ရောက် အကောင်အထည်လုပ်ဆောင်နိုင်ရန်လိုအပ်သည်။ နိုင်ငံ၏ လိုအပ်သောအသုံးစရိတ်အားလုံးသည် နိုင်ငံတွင်းအခွန်ရရှိမှုအပေါ်တွင် အဓိကမှီခိုနေရသောကြောင့် အခွန်ကဏ္ဍ အားနည်းခဲ့ပါလျှင် ထိုနိုင်ငံလူ့အဖွဲ့အစည်းအဖို့ အခက်အခဲများစွာ ရင်ဆိုင်ရမည်မှာ သေချာသည်။
နိုင်ငံတစ်နိုင်ငံကို တာဝန်ယူအုပ်ချုပ်သည့်အစိုးရတစ်ရပ်သည် ၎င်းတို့လုပ်ဆောင်ရမည့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာဖြည့်ဆည်းဆောင်ရွက်မှုများအတွက် ငွေကြေးလိုအပ်သည်။ ထိုငွေကြေးသည် အစိုးရ၏အသုံးစရိတ် (သို့မဟုတ်) ပြည်သူ့အသုံးစရိတ်ဖြစ်သည်။ ထို့ကြောင့် အခွန်ကောက်ခံခြင်းသည် ပြည်သူ့အသုံးစရိတ်အတွက် လိုအပ်သည့်ငွေကြေးရရှိရန်အတွက် အားထုတ်ဆောင်ရွက်ကြရခြင်းဖြစ်သည်။ ရရှိလာသော ငွေကြေးသည်အစိုးရ၏ရငွေ (သို့မဟုတ်) ပြည်သူ့ရငွေပင် ဖြစ်သည်။
အစိုးရတစ်ရပ်အတွက် ရငွေများ ရရှိနိုင်သည့် ဇာစ်မြစ်များစွာရှိသည်။ အစိုးရပိုင်ပစ္စည်းများကို ငှားရမ်းခြင်း၊ ရောင်းချခြင်းမှရရှိသည့်ငွေများ၊ အစိုးရမှ အခြားအဖွဲ့အစည်းများနှင့် ဖက်စပ်လုပ်ကိုင်ခြင်းမှ ရရှိသည့်ငွေများ၊ နိုင်ငံတကာမှချေးငွေများစသဖြင့် အလုံးအရင်းဖြင့် ရရှိတတ်သည့် ငွေလုံးငွေရင်းရငွေများ ရှိသည်။ အခွန်၊ ထည့်ဝင်ကြေး၊ အခွန်တော်နှင့် အခငွေများ၊ ထောက်ပံ့ကြေးနှင့် အလှူငွေများနှင့် အခြားရငွေများမှာမူ သာမန်ရငွေအမျိုးအစားထဲတွင်ပါဝင်သည်။ သို့ သော် အားအကိုးရဆုံးနှင့် သေချာပေါက်ရမည့် ဇာစ်မြစ်မှာမူ သာမန်ရငွေအမျိုးအစားထဲရှိ အခွန်ပင်ဖြစ်သည်။ ထို့ကြောင့် အစိုးရများသည် အခွန်ကောက်ခံခြင်းအပေါ်တွင် လွန်စွာအရေးထားကြခြင်း ဖြစ်သည်။
ဤသို့ဆိုလျှင် အစိုးရတစ်ရပ်သည် ငွေရရှိရေးအတွက်သာ အခွန်ကောက်ခံနေခြင်းတော့ မဟုတ်ပေ။ အခြားသောရည်မှန်းချက်များလည်း ရှိနိုင်သည်။ ရငွေနှင့် မသက်ဆိုင်သော လူမှုရေးဆိုင်ရာ၊ စီးပွားရေးဆိုင်ရာ၊ ကျန်းမာရေးဆိုင်ရာ စသည်ဖြင့် အခြားသောရည်မှန်းချက်များလည်းရှိနိုင်သည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူရစေရေး၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖြစ်ထွန်း၍ အလုပ်အကိုင်၊ အခွင့်အလမ်းများပြားလာစေရေး၊ ကုန်စျေးနှုန်းတည်ငြိမ်မှုကို အထောက်အပံ့ဖြစ်စေရေး၊ ဝင်ငွေပြန်လည်ခွဲဝေဖြန့်ဖြူးနိုင်ရေး စသည့် စီးပွားရေးရည်မှန်းချက်များရှိသကဲ့သို့ ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍဖွံ့ဖြိုးရေး အပါအဝင် ဆေးလိပ်၊ အရက် စသည်ဖြင့် ကျန်းမာရေးထိခိုက်စေသောအရာများကို သုံးစွဲမှုလျော့စေရန်၊ ရှောင်ကြဉ်မှုရှိလာစေရန်ဟူသော ကျန်းမာရေး၊ လူမှုရေးရည်မှန်းချက် များလည်းရှိသည်။
ထို့ပြင် ပြည်တွင်းလုပ်ငန်းများကို နိုင်ငံရပ်ခြားလုပ်ငန်းများ၏ ပြိုင်ဆိုင်မှုမှ အကာအကွယ်ပေးရန်နှင့်တိုင်းပြည်အတွက် အကျိုးမပြုနိုင်သော လုပ်ငန်းများ လျော့နည်းသွားစေရန်ဟူသော အခြေအနေအရ လုပ်ဆောင်ရမည့် ရည်မှန်းချက်များလည်း ရှိလာနိုင်သည်။ ထို့ကြောင့် အစိုးရတစ်ရပ်သည်အခွန်ဆိုသည့်ပြည်သူဘဏ္ဍာရေးကိရိယာကို အစိုးရအသုံးစရိတ်ဖြည့်ဆည်းနိုင်ရေးအတွက်သာမက နိုင်ငံနယ်နိမိတ်အတွင်း နေထိုင်ကြသည့် ပြည်သူများအားလုံး၏ အကျိုး စီးပွားမှန်သမျှ အတွက် အသုံးပြုနေသည်ဟုဆိုရမည်။ ထိုသို့ကောင်းမွန်သောရည်ရွယ်ချက်များဖြင့် လုပ်ကိုင်ဆောင်ရွက်နေသော်လည်း အသုံးပြုနည်းမမှန်ကန်ပါက ရည်ရွယ်ချက်များ အထမမြောက်၊ မအောင်မြင်နိုင်ပေ။
ပြည်သူလူထုနှင့် အနီးကပ်ဆုံးထိတွေ့လုပ်ဆောင်ရသည့် အခွန်ကောက်ခံမှုလုပ်ငန်းတွင် နည်းမှန်လမ်းမှန်လုပ်ဆောင်နိုင်ရေးကို အလေးထားစီစဉ်ထားနိုင်ရန် အရေးကြီးသည်။ ကျင့်သုံးသည့်အခွန်စနစ်၊ အခွန်ဥပဒေများ၊ အခွန်အမျိုးအစားများ၊ အခွန်နှုန်းထားတွက်ချက်မှုများနှင့်ပတ်သက်၍ နိုင်ငံသားများ သဘောပေါက်လွယ်ရမည်။ နိုင်ငံသားတိုင်း လိုက်နာချင်စိတ်ဖြစ်ပေါ်လာသည့် အခြေအနေမျိုးလည်း ဖြစ်ရမည်။ လိုအပ်ပါက ပြုပြင်ပြောင်းလဲနိုင်စွမ်း ရှိရမည်။ အခွန်နှင့်ပတ် သက်သမျှ ကိစ္စအဝဝ ပွင့်လင်းမြင်သာမှုရှိစေရမည်ဟူသော အခြေခံအချက်များလည်း ရှိသည်။ အခွန်ကောက်ခံမှုသည် ပေးနိုင်စွမ်းရှိမှုပေါ်မူတည်၍ တရားမျှတမှုရှိစွာကောက်ခံရမည်။ အခွန်သဘောသဘာဝကို တိတိကျကျသေချာသိရှိနေရမည်။ အခွန်ထမ်းပြည်သူများနှင့် အခွန်ကောက်ခံသူများကြားတွင် လုပ်ငန်းလုပ်ဆောင်မှု အဆင်ပြေမှု ရှိနေရမည်၊ အခွန်ကောက်ခံရာတွင် ကုန်ကျစရိတ်များပြားခြင်း မဖြစ်စေရဟူသော အခွန်ကောက်ခံခြင်းအတွက် အခြေခံမူများလည်းရှိသည်။
အခွန်ကောက်ခံခြင်းဆိုင်ရာအခြေခံများတွင် ကွဲပြားခြားနားသော အယူအဆ၊ တွေးခေါ်မှုများ ပါဝင်နေသော်လည်း အားလုံးသည် ထိရောက်သော အခွန် ကောက်ခံစနစ်ကို ဦးတည်နေကြခြင်းဖြစ်သဖြင့် လိုက်နာဆောင်ရွက်သင့်သည်ချည်းဖြစ်သည်။ အစိုးရတစ်ရပ်အနေဖြင့် ၎င်းတို့၏ စီးပွားရေးအဆောက်အအုံအတွင်း ရှိ ကုန်ထုတ်စွမ်းအားစုများအခြေအနေ၊ ကုန်ထုတ်လုပ်မှု၊ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအဆင့်အတန်းစသည့် မေခရိုစီးပွားရေးအခြေအနေများကို ကျယ်ပြန်စွာ ထည့်သွင်းစဉ်းစား၍ ချင့်ချိန်လိုက်နာဆောင်ရွက်ရန်ဖြစ်သည်။
အခွန်ကောက်ခံခြင်းနှင့်ပတ်သက်၍ ပညာရှင်များ၊ သုတေသီများ၏ အတွေးအခေါ်၊ အယူအဆများကို လေ့လာ၍ အပြောလွယ်၊ အလုပ်ခက်သည့်အရာများအဖြစ် တွေ့ရသော်လည်းလျစ်လျူရှုထား၍ မရ။ နိုင်ငံတစ်နိုင်ငံရပ်တည်နိုင်ရေးအတွက် မဖြစ်မနေလုပ်ဆောင်ရမည့်ကိစ္စ ဖြစ်သည်။ အခွန်ကောက်ခံခြင်းကိစ္စကို ထိရောက်အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် အခွန်နှင့်ပတ်သက်သမျှ အခြေအနေအားလုံးကို ပြည်သူလူထု ရှင်းရှင်းလင်းလင်းနားလည်သဘောပေါက်မှုမှာ အခြေခံအကျဆုံးဖြစ်ပြီး ထိုအလုပ်နှင့်ပတ်သက်၍ တာဝန်အရှိဆုံးမှာ အစိုးရကိုယ်စား အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အဖွဲ့အစည်းဖြစ်သည်။ ၎င်းတို့၏ စွမ်းဆောင်ရည်ပေါ်မူတည်၍ အများပြည်သူတို့ အခွန်ပတ်သက်၍ နားလည်သဘောပေါက်မှုရှိ၊ မရှိ၊ အခွန်ပေးလိုမှု စိတ် ဆန္ဒဖြစ် ပေါ်မှုရှိ၊ မရှိ၊ အစိုးရ၏ အခွန်ကောက်ခံရရှိမှု ရလဒ် ကောင်း၊ မကောင်းတို့ ဖြစ်ပေါ်လာပေလိမ့် မည်။
“ကမ္ဘာပေါ်တွင် အခွန်နှင့် သေခြင်းတရားကို မည်သူမျှ ရှောင်လွှဲနိုင်စွမ်းမရှိ” ဟူသော စကားကို ယနေ့နိုင်ငံသားတို့ သဘောပေါက်နေကြပြီဖြစ်သည်။အုပ်ချုပ်သူအစိုးရမင်းတို့က ၎င်းတို့တာဝန်ယူအုပ်ချုပ်နေသည့်နိုင်ငံ သာယာဝပြောရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများ ကောင်းမွန်ရေးအတွက်အားထုတ်လုပ်ကိုင်ဆောင်ရွက်ရာ၌ လိုအပ်သောအသုံးစရိတ်များဟုလည်း နားလည်ကြ၏။ ပြည်သူက အစိုးရထံသို့ ငွေကြေးထည့်ဝင်၍ အစိုးရက ပြည်သူ့အတွက် ဝန်ဆောင်မှုပြန်လည် ဖြည့်ဆည်းပေးရသဖြင့် တစ်ဖက်သတ်မဟုတ်ဘဲ အပြန်အလှန်သဘောဟုလည်း နားလည်နိုင်၏။
သို့သော် အခွန်ကောက်ခံခြင်းကို တာဝန်ယူလုပ်ဆောင်ရမည့် အခွန်အာဏာပိုင်အဖွဲ့အစည်းအနေဖြင့် အခွန်ဆိုင်ရာ အယူအဆသဘောတရားများ၊ စီးပွားရေးအဆောက်အအုံအတွင်း ကုန်ထုတ်လုပ်မှု၊ ကုန်ထုတ်လုပ်ငန်းများ ထွန်းကားမှုနှင့် အလုပ်အကိုင်အခွင့်အလမ်းအခြေအနေများ အပါအဝင် မေခရိုစီးပွားရေးအခြေအနေများကို နားလည်သဘောပေါက်ဖို့လိုအပ်ပေသည်။
အခွန်ယန္တရားကြီးထဲတွင် ပါဝင်ပတ်သက်နေရသည့် စာရင်းကိုင်များ၊ စာရင်းစစ်များ၊ အခွန်ကောက်ခံသူဝန်ထမ်းများနှင့်အခွန်အရာရှိများ၏ လစာဝင်ငွေ၊ လူနေမှုအဆင့်အတန်း ထည့်သွင်းစဉ်းစားပေးနိုင်မှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် ထိန်းကျောင်းပေးနိုင်မှုတို့ကိုပါ ကျယ်ကျယ်ပြန့်ပြန့် ပြန်ဆွေးနွေးပြင်ဆင် ထားသည့် အခွန်စနစ်ဖြစ်ဖို့လိုအပ်သည်။ တစ်ချိန်တည်းမှာပင် တရားစီရင်ရေးကဏ္ဍနှင့် တရားဥပဒေစိုးမိုးမှုထိန်းကျောင်းနေသောအဖွဲ့အစည်းများ၏ ထိထိရောက်ရောက် ပံ့ပိုးပေးမှုကိုလည်း ရရှိနေရမည်ဖြစ်သည်။ သို့မှသာ အများပြည်သူတို့ လိုက်နာကျင့်သုံးနိုင်သည့် အခွန်ဥပဒေကို ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ပေလိမ့်မည်။
– ကောက်ခံနေသော အခွန်သည် မျှတမှု ရှိခဲ့ပါလျှင်
-ကောက်ခံနေသောအခွန်နှင့်ပတ်သက်၍အခွန်ထမ်းပြည်သူနှင့် အခွန် စည်းကြပ်ကောက်ခံသူ ဝန်ထမ်းနှစ်ဦးနှစ်ဖက်စလုံး ကောင်းစွာ သဘောပေါက်ခဲ့ပါလျှင်
-ပြည်သူများနှင့် အခွန်အာဏာပိုင် အဖွဲ့အစည်းတို့ကြား အခွန်စည်းကြပ်ကောက်ခံခြင်း၊အခွန်ထမ်းဆောင်ခြင်း လုပ်ငန်းစဉ်တို့ အဆင်ပြေချောမွေ့ခဲ့ပါလျှင်
– အခွန်ကောက်ခံရာတွင် သုံးစွဲရသည့် ကုန်ကျစရိတ်ကြီး မြင့်ခြင်းမရှိခဲ့ပါလျှင်
နိုင်ငံအတွက် အထောက်အကူရစေနိုင်သည့် အခွန်စနစ်ဟု ဆိုနိုင်ပေမည်။
ထိုအခြေအနေမျိုးအောက်တွင် အခွန်စနစ်အထောက်အပံ့ဖြင့် နိုင်ငံ၏ စီးပွားရေး၊ လူမှုရေးအခြေအနေကောင်းများကို ဖန်တီးနိုင်စွမ်းရှိနေပေလိမ့်မည်။
အခွန်ထမ်းပြည်သူတို့သည်လည်း အခွန်ထမ်းဆောင်ခြင်းနှင့် ပတ်သက်၍ စောဒကတက်ကြလိမ့်မည်မဟုတ်ပေ။