ရုရှား၏ လုံခြုံရေးစိုးရိမ်မှုများကို ထည့်သွင်းစဉ်းစားထားသော သဘောတူညီချက်ကို ယူကရိန်းက လုပ်ဆောင်ခြင်းမရှိပါက ရုရှားသည် ယူကရိန်းစစ်ပွဲကို ဆက်လက်တိုက်ခိုက်သွားမည်ဟု ဒီဇင်ဘာ ၁၄ ရက်တွင် သမ္မတဗလာဒီမာပူတင်က ထုတ်ဖော်ပြောကြားလိုက်ပြီး အထူးစစ်ဆင်ရေး၏ ရည်မှန်းချက်များကို ပြည့်မီအောင်ဆောင်ရွက်သွားမည်ဟု ဆိုသည်။
၎င်း၏ မူလယူကရိန်းရည်မှန်းချက်များသည် အပြောင်းအလဲရှိမည်မဟုတ်ဟု ပူတင်က ပြောကြားခဲ့ပြီး ရုရှားတပ်ဖွဲ့များသည် စစ်မြေပြင်တွင် လက်ဦးမှုရယူထားသည်ဟု ဆိုသည်။ ပြည်သူများ၊ သတင်းမီဒီယာများနှင့်တွေ့ဆုံရာတွင် ပူတင်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။ ပူတင်က နောက်ထပ်ခြောက်နှစ်ကြာ သမ္မတသက်တမ်းအတွက် ဝင်ရောက်အရွေးခံမည်ဟု ပြောကြားထားသည်။
“လက်တွေ့အားဖြင့် ထိတွေ့မျဉ်းတစ်လျောက် ကျွန်တော်တို့ရဲ့တပ်ဖွဲ့တွေဟာ နေရာယူထားတာတွေ အသင့်အတင့်တိုးတက်လာတယ်လို့ပြောရမှာပါ။ အားလုံးနီးပါးလောက်ဟာ တက်တက်ကြွကြွ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်” ဟု ပူတက်က ပြောသည်။
ရုရှား၏ အဓိကရည်မှန်းချက်များသည် နာဇီဝါဒဖယ်ရှားရေး၊ စစ်ရေးလှုပ်ရှားမှုဖယ်ရှားရေး၊ ယူကရိန်း ကြားနေနိုင်ငံအဖြစ် ရှိစေရေးတို့ဖြစ်သည်ဟု အသက် ၇၁ နှစ်အရွယ် ပူတင်က ပြောကြားသည်။
“ကျွန်တော်တို့ ရည်မှန်းထားတာတွေကို ရရှိတဲ့အခါ ငြိမ်းချမ်းရေး ရှိလာပါလိမ့်မယ်။ စစ်ရေး ဖယ်ရှားမှုနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် သူတို့(ယူကရိန်းသားတွေ)က သဘောတူညီချက်ရအောင် မလုပ်ချင်ဘူးဆိုရင် ကျွန်တော်တို့က စစ်ရေးညအစီအမံတွေအပါအဝင် အခြားအစီအမံတွေကို ချမှတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်” ဟု ရုရှားသမ္မတက ပြောကြားသည်။
“ယူကရိန်းစစ်တပ်ရဲ့အရွယ်အစား၊ အင်အားနဲ့ပတ်သက်ပြီး သဘောတူညီချက်အချို့ကို ရအောင်ကျွန်တော်တို့ လုပ်မှာဖြစ်ပေမယ့် သဘောတူညီချက်မရခဲ့ဘူးဆိုရင် အဲဒီကိစ္စကို ကျွန်တော်တို့ အင်အားသုံးပြီး ဖြေရှင်းမှာဖြစ်ပါတယ်။ အဲဒါဟာ ကျွန်တော်တို့ ဆက်ပြီး ကြိုးပမ်းသွားမယ့်ကိစ္စဖြစ်ပါတယ်” ဟု ရုရှားခေါင်းဆောင်က ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးကမူ ယူကရိန်းပိုင်နက်ထဲမှ ရုရှားစစ်သားများ ထွက်ခွာ မသွားမချင်း ရုရှားနှင့် ဆွေးနွေးမှုများသည် မဖြစ်နိုင်ဟု ပြောကြားထားသည်။ ထို့ကြောင့် ယူကရိန်းသမ္မတသည် ၎င်း၏တိုင်းပြည်ကို ကာကွယ်ရန် အနောက်အုပ်စုထံမှ နောက်ထပ်အကူအညီများရရှိရန် ကြိုးပမ်းလျက်ရှိသည်။
ပူတင်ကမူ ရုရှားဆက်လက်ရှင်သန်ရေးအတွက် အလွန်အရေးပါသည်ဟု ၎င်းရှုမြင်ထားသော ပဋိပက္ခကို ရုရှားဖြတ်သန်းရေးအတွင် ဆက်လက်ဦးဆောင်မည့် လူမှန်တစ်ဦးဟု ၎င်းကိုယ် ၎င်းပုံဖော်ထားသည်။ သို့ရာတွင် ယူကရိန်းနှင့် အနောက်အုပ်စုကမူ ယူကရိန်းကို ရုရှားကျူးကျော်မှုအား ကိုလိုနီပုံစံ နိုင်ငံသိမ်းပိုက်မှုဖြစ်သည်ဟု မြင်ထားကြသည်။
ယူကရိန်းရှိ နီပရိုမြစ်ကို ဖြတ်သန်းခဲ့သော ယူကရိန်းထိပ်တန်းတပ်ဖွဲ့ဝင်များပါသော အုပ်စုကို ချေမှုန်းခဲ့သည်ဟု ပူတင်က ပြောကြားသည်။