ဟားမာ့စ်ချေမှုန်းရေးစစ်ပွဲသည် လပေါင်းများစွာ ကြာသွားလိမ့်မည်ဟု အစ္စရေးကိုအဓိက ထောက်ခံသည့် အမေရိကန်နိုင်ငံက ပြောကြားခဲ့ပြီးနောက် အစ္စရေးသည် ဒီဇင်ဘာ ၁၅ ရက်တွင် ဂါဇာကမ်းမြောင်ကို စစ်ဆင်ရေး ဆက်လက်လုပ်ဆောင်ခဲ့သည်။
အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်တိုက်ခိုက်သောကြောင့် အစ္စရေးနှင့်ဟားမာ့စ်စစ်ပွဲ စတင်ဖြစ်ပွားခဲ့သည်။ ဟားမာ့စ်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူ ၁,၂၀၀ ဝန်းကျင်သေဆုံးခဲ့ရပြီး လူ ၂၄၀ ခန့် ဂါဇာသို့ ဓားစာခံအဖြစ် ခေါ်ဆောင်ခံခဲ့ရသည်။ ယာယီအပစ်ရပ်စဲရေး သဘောတူညီချက်ရရှိခဲ့ချိန်က အစ္စရေး ဓားစာခံများ ပြန်လွတ်လာသည်ဆိုသော်လည်း ဂါဇာတွင် ဓားစာခံများ ကျန်နေသေးသည်ဟု သိရသည်။
အစ္စရေးက ဂါဇာကို ပြင်းပြင်းထန်ထန် တုံ့ပြန်ခဲ့ရာ ဂါဇာကမ်းမြောင်၏နေရာအများအပြားမှာ ယခုအခါ ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရပြီး အနည်းဆုံး ဂါဇာပြည်သူ ၁၈,၇၀၀ သေဆုံးထားသည်ဟု ဟားမာ့စ် ကွပ်ကဲနေသောဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့ပြီး သေဆုံးသူအများစုမှာ အမျိုးသမီးများနှင့်ကလေးများဖြစ်သည်ဟု ဆိုသည်။
ဂါဇာတောင်ပိုင်းရှိခန်းယူနစ်ကိုအစ္စ ရေး တိုက်ခိုက်မှုများကြောင့် လူဒါဇင်ချီ သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့သည်ဟု ဒီဇင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် ဂါဇာကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ထို့အပြင် ဂါဇာအလယ်ပိုင်း နူဆေးရတ်ကို အစ္စရေးက ဝေဟင်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းကြောင့် လူအချို့ သေဆုံးခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောကြားသည်။
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် အီဂျစ်နယ်စပ်အနီး ဂါဇာတောင်ပိုင်းမြို့ ရာဖာကို အစ္စရေးက တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းလူအုပ်သည် အဆောက်အအုံအပျက်အစီးများအောက်တွင် အသက်ရှင်ကျန်ရစ်သူများကို လက်နှိပ်ဓာတ်မီးများသုံး၍ ရှာဖွေခဲ့ကြသည်။
“မြင်တဲ့အတိုင်းပါပဲ၊ ဒါဟာလူနေရပ်ကွက်ဖြစ်ပါတယ်။ အမျိုးသမီးတွေနဲ့ကလေးတွေ ဒီမှာနေထိုင်နေကြတာပါ။ ဒီလူနေရပ်ကွက်ဟာ အုတ်ကျိုးအုတ်ပဲ့ပုံကြီး ဖြစ်သွားပါ ပြီ”ဟု ရာဖာတွင်နေထိုင်သော အဘူအိုမာက ပြောကြားသည်။
“စစ်သွေးကြွလှုပ်ရှားမှုတွေနဲ့ဘာမှ မဆိုင်တဲ့လူနေရပ်ကွက်ကို ဒုံးကျည်သုံးစင်း ထိမှန်ခဲ့တာဖြစ်ပါတယ်”ဟု ၎င်းက ပြောကြားသည်။
ဒီဇင်ဘာ ၁၄ ရက် ညပိုင်းတွင် အစ္စရေးစစ်သားများသည် ဂါဇာစီးတီး၏ ခရိုင်နှစ်ခုတွင် စစ်သွေးကြွများနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဒန်နီရယ်ဟာဂါရီက ပြောကြားသည်။
“လာမယ့်ရက်ပိုင်းမှာပိုမိုပြင်းထန်တဲ့ တိုက်ပွဲတွေရှိလာပါလိမ့်မယ်”ဟု ၎င်းက ပြောသည်။
မြေပြင်စစ်ဆင်ရေးစတင်ခဲ့ပြီးနောက်ပိုင်း ဂါဇာ၌ စစ်သားစုစုပေါင်း ၁၁၇ ဦး ကျဆုံးခဲ့သည်ဟု ဒီဇင်ဘာ ၁၅ ရက်တွင် အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။
အောက်တိုဘာ ၇ ရက် ပြန်ပေးဆွဲခံခဲ့ရသူများထဲတွင်ပါဝင်ခဲ့ပြီး အီလိုင်ယာတိုလေ ဒါနိုုဟုခေါ်သည့် ဓားစာခံ၏ ရုပ်အလောင်းကို ပြန်လည်ရရှိခဲ့သောသောကြောင့် အလောင်းကို အစ္စရေးသို့ ပြန်ပို့လိုက်သည်ဟု ဆိုသည်။ ဓားစာခံများနေရပ်ပြန်နိုင်ရေးအတွက် ဆောင်ရွက်နေသည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။