ဧရာဝတီတိုင်းဒေသကြီး မြန်အောင်ခရိုင် ကြံခင်းမြို့နယ်ရှိ ကျေးရွာအချို့၌ ရေအခက်အခဲကြုံတွေ့နေကြောင်း သိရသည်။
အဆိုပါဒေသ၌ သောကြာဒူးကျေးရွာအုပ်စုနှင့် ထန်းတပင်ကျေးရွာအုပ်စုရှိ ကျေးရွာအချို့တွင် ရေအခက်အခဲကြုံတွေ့နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“သောကြာဒူးအုပ်စုမှာက ကျွန်းကုန်းကျေးရွာ၊ အောင်ပန်းကုန်းကျေးရွာ၊ ထန်းတပင်အုပ်စုမှာက ထန်းတပင်ကျေးရွာ အဲဒီ့ရွာတွေမှာ ရေလိုအပ်နေတာပါ။ ကျွန်းမြေမှာ ရေတူးလို့ရပေမဲ့ ထုံးဓာတ်များနေတာပေါ့။ ရေနွေးအိုးကြိုလို့လည်းမရဘူး။ ထမင်းချက်လို့လည်းမရဘူး။ ထမင်းက ၀ါသွားတယ်။ သောက်လို့လည်းမရဘူး။ ချိုးရေသုံးရေလောက်ပဲသုံးလို့ရတယ်” ဟု အုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရေလိုအပ်သူများထံ ကူညီပေးခဲ့သည့် ဒေသခံကိုကျော်ကျော်အေးကြူထံ ဆက်သွယ်မေးမြန်းခဲ့ရာ “ရေလိုအပ်နေတဲ့ အိမ်ထောင်စုတွေကို ကျွန်တော်တို့ ပရဟိတညီအစ်ကိုတွေ စုပြီးနိုင်သ၍ ထောက်ပံ့ဖြစ်ပါတယ်။ မရှိဆင်းရဲသူတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် အဓိကထားပြီး ကူညီဖြစ်တာပါ။ သောက်ရေသန့် ၂၀ ဘူး ၅၀၊ သုံးရေ ရေသန့် ဂါလန်ငါးရာကျော် လိုက်လံလှူဒါန်းဖြစ်ပါတယ်။ အဲဒီဘက်မှာက ရေတွင်းတူးလို့ ရေမရတဲ့နေရာတွေလည်းရှိတယ်။ တူးလို့ရတဲ့နေရာကျတော့လည်း ထုံးဓာတ်များပြီး ချက်ပြုတ်ဖို့၊ သောက်သုံးဖို့အဆင်မပြေဘူး။ အဲဒီလိုအခြေအနေရှိပါတယ်” ဟု ၎င်းက ပြောကြားသည်။
အဆိုပါဒေသ၌ လှူဒါန်းမှုနည်းပါးသဖြင့် ရေအကူအညီလိုအပ်နေဆဲဖြစ်ကြောင်း သိရသည်။