ကိုးကန့်ဒေသမှ လာရောက်သူများအတွက် နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ထုတ်ပေးနေပြီး ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ငွေကြေးကောက်ခံနေသူများကို အရေးယူထားကြောင်း မိုင်းလားအထူးဒေသ (၄)အဖွဲ့က ထုတ်ပြန်သည်။
ကိုးကန့်ဒေသမှ လာရောက်သူများကို နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားများကို အခမဲ့ ထုတ်ပေးနေသည့်ကာလဖြစ်ပြီး စနေ၊ တနင်္ဂနွေနေ့များတွင်ပါ ပိတ်ရက်မရှိဘဲ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း အထူးဒေသ (၄) အဖွဲ့က ထုတ်ပြန်သည်။
နေထိုင်ခွင့်ကတ်ပြားနှင့် ယာဉ်နံပါတ်ပြားပြုလုပ်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ဓာတ်ပုံနှစ်ပုံ၊ မိမိနေထိုင်သည့် လိပ်စာနှင့် အိမ်ရှင်ကို ဆက်သွယ်ရမည့် ဖုန်းနံပါတ်၊ အလုပ်အကိုင်ရှိသူများမှာ သက်ဆိုင်ရာအချက်အလက်များ တင်ပြရမည်ဖြစ်ကြောင်း မိုင်းလားအထူးဒေသ (၄) အဖွဲ့က ထုတ်ပြန်သည်။
ယင်းသို့ အခမဲ့ပြုလုပ်ပေးနေသော်လည်း ရဲတပ်ဖွဲ့အယောင်ဆောင်ကာ အခကြေးငွေကောက်ခံပြီး နေထိုင်ခွင့်လက်မှတ်ပြုလုပ်ပေးနေသူများကို အရေးယူထားကြောင်း အဆိုပါအဖွဲ့က ထုတ်ပြန်သည်။
လက်ရှိကာလတွင် ကိုးကန့်ဒေသမှ လာရောက်သူများကို မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် နေထိုင်ခွင့် လက်မှတ်နှင့် ယာဉ်နံပါတ်ပြား (ယာယီ) အခမဲ့ပြုလုပ်ပေးနေသည့် ကာလဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် အယောင်ဆောင်ပြီး အခကြေးငွေကောက်ခံကာ တရားမဝင်ပြုလုပ်ပေးနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။
စည်းကမ်းချိုးဖောက်ကာ အခကြေးငွေယူပြီး လုပ်ဆောင်နေခြင်းမှာ ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်ခြင်း၊ လူမှုအသိုင်းအဝိုင်း ပြေပြစ်မှုကို ဖျက်ဆီးခြင်းနှင့် ရဲတပ်ဖွဲ့ ပုံရိပ်ကို ဆိုးဝါးစွာ ထိခိုက်စေကြောင်း မိုင်းလားအထူးဒေသ(၄)ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။
မိုင်းလားရဲတပ်ဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်မှုစနစ်များကို အနှောင့်အယှက်ဖြစ်စေပြီး ပြည်သူအချင်းချင်း ချစ်ခင်ရင်းနှီးမှုကို ထိခိုက်စေသည့် “ပွဲစား” လုပ်ရပ်များကို ပြင်းထန်စွာ တားဆီးနှိမ်နင်းသွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ဖော်ပြထားသည်။
ပြည်သူများအနေဖြင့်လည်း အများသူငှာစည်းလုံးရေးကိုထိခိုက်စေသည့် လုပ်ရပ်များကို အတူတကွ ကြီးကြပ်စောင့်ကြည့်ကြရန်နှင့် ကျူးလွန်သူများကို ရဲတပ်ဖွဲ့ထံ တိုင်ကြားပေးရန်လည်း အသိပေးထားကြောင်း မိုင်းလားအထူးဒေသ (၄) အဖွဲ့က ထုတ်ပြန်ထားသည်။