မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က ဂါလာတာစာရေးအသင်းနှင့် သရေကျခဲ့ခြင်းအတွက် အမှားကျူးလွန်ခဲ့သည့် ဂိုးသမား အိုနာနာတစ်ဦးတည်းကို အပြစ်မတင်ဘဲ တစ်သင်းလုံးကို ဝေဖန်ရမည်ဖြစ်သလို၊ ယခုပွဲရလဒ်မှာ မိမိတာဝန်ဖြစ်ကြောင်း ဝန်ခံပြောကြားခဲ့သည်။
မန်ယူအသင်းအနေဖြင့် နိုဝင်ဘာ (၂၉)ရက် ညပိုင်းက ယှဉ်ပြိုင်ကစားသည့် ချန်ပီယံလိဂ် အဝေးကွင်းပွဲစဉ်၌ ဂါလာတာစာရေးအသင်းအား (၀-၂) ဂိုး၊ (၁-၃) ဂိုးဖြင့် နှစ်ကြိမ်တိုင်တိုင် ဦးဆောင်ခွင့်ရသော်လည်း အိုနာနာ၏ အမှားနှစ်ကြိမ်အပါအဝင် ချေပဂိုးများပြန်ပေးခဲ့ရသဖြင့် (၃-၃)ဂိုးဖြင့် သရေကျခဲ့သည်။
ယင်းပွဲရလဒ်ကြောင့် မန် ယူအသင်းအနေဖြင့် အုပ်စု (A)တွင် (၅)ပွဲကစား၊ ရမှတ် (၄)မှတ်ဖြင့် အောက်ဆုံးနေရာရောက်ရှိနေပြီး အုပ်စုမှထွက်ရရန် နီးစပ်နေပြီဖြစ်သလို၊ ယူရိုပါလိဂ်သို့ ကူးပြောင်းကစားခွင့် တတိယနေရာရရှိရန်ပင် ရုန်းကန်ရဦးမည်ဖြစ် သည်။
သို့သော် ပွဲပြီးသတင်းစာရှင်းလင်းပွဲတွင် အဲရစ်တန်ဟက်ဂ်က “ဒါတွေက အမြဲတမ်း ကျွန်တော့်ကြောင့်ပါပဲ။ ဒီရလဒ်အတွက် ကျွန်တော်တာဝန်ယူပါတယ်။ ကျွန်တော်တို့က ပရောဂျက်တစ်ခုထဲမှာ ရှိနေတယ်ဆိုတာ သိပါတယ်။ တိုးတက်မှုတွေလည်း ရှိနေတဲ့အတွက် အရမ်းမျှော်လင့်ထားတာပါ။ ကျွန်တော်တို့က လမ်းကြောင်းမှန်ဆီ သွားနေတာပါ။ အဲဒါကြောင့် ရေရှည်မှာ အောင်မြင်မှုရမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်မှာ ဆက်ရှိနေချင်တယ်ဆိုရင် ဒီလိုပွဲတွေကို အနိုင်ရဖို့လိုပါတယ်။ ကျွန်တော်တို့ အနိုင်ရနေရာက ရှုံးနိမ့်ခဲ့ရတယ်။ ကျွန်တော်တို့ သုံးမှတ်ရယူနိုင်သင့်တယ်ဆိုတာ သေချာပါတယ်။ တခြားပွဲတွေမှာလည်း ကျွန်တော်တို့ အခုလိုလုပ်ခဲ့တယ်။ ကစားတဲ့ပုံစံကို ကျွန်တော် ကျေနပ်ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ အသင်းကို ကျွန်တော် ဝေဖန်ရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ ခံစစ်ကစားပုံက လုံလောက်မှုမရှိလို့ပါ။ ကျွန်တော်တို့ (၃-၁)ဂိုးနဲ့ ဦးဆောင်နေတာပါ။ အမှားတွေက ကွဲပြားခြားနားစေတဲ့အတွက် အမှားတွေကို ခွင့်ပြုလို့မရပါဘူး”ဟု သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်း၏ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာ ဆိုးရွားနေပြီး ယခုရာသီတွင် ပြိုင်ပွဲစုံ ပွဲ (၂၀)ကစားပြီးနောက် (၃၃)ဂိုးအထိ ခွင့်ပြုထားရသည်။
ယင်းအခြေအနေမှာ ၁၉၆၂-၁၉၆၃ ရာသီတွင် ပွဲ (၂၀)ကစား၊ (၄၃)ဂိုး ခွင့်ပြု ခဲ့ရပြီးနောက်ပိုင်း (၆၁)နှစ်အတွင်း အဆိုးဆုံးဖြစ်ကြောင်း သိရသည်။
ထို့ပြင် ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အုပ်စုပွဲစဉ် (၅)ပွဲ ကစားပြီးနောက် (၁၄)ဂိုး ပေးထားရခြင်းမှာ ၁၉၉၄-၁၉၉၅ ရာသီတွင် ကိုယ်တိုင်တင်ရှိထားသည့် ပေးဂိုးအများဆုံး အင်္ဂလန်ကလပ်စံချိန်ကိုကျော်ဖြတ်၍ စံချိန်သစ်ဖြစ်ခဲ့သည်။