မန်ချက်စတာယူနိုက်တက်(၂-၂) လီဗာပူးလ်ပွဲအပြီးတွင် မန်ယူအသင်းနည်းပြဖြစ်သူ တန်ဟက်ဂ်က မိမိတို့အနေဖြင့် မိုက်မဲသောအမှားများ ကျူးလွန်ခဲ့ကြောင်း ဝန်ခံခဲ့ သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ် သုံးပွဲဆက်တိုက် အဖိုးတန်အမှတ်များ ဆုံးရှုံးခဲ့ပြီး အများဆုံးရရှိနိုင်သည့် ကိုးမှတ်ထဲမှ နှစ်မှတ်သာ ရယူနိုင်ခဲ့သည်။
ဘရန့်ဖို့ဒ်၊ ချယ်လ်ဆီအသင်းနှင့်ပွဲများတွင် နာကျင်အချိန်ပိုဂိုးများ ပေးခဲ့ရပြီး ယခုပွဲတွင်လည်း ၈၅ မိနစ်ရောက်မှ နောက်ကျပယ်နယ်တီပေးခဲ့ရခြင်းဖြစ်သည်။
”ကျွန်တော့်ရဲ့စိတ်ခံစားချက်တွေ အရမ်းရောထွေးနေတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ အမှတ်ခုနစ်မှတ် ဆုံးရှုံးခဲ့ရလို့ စိတ်ပျက်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိုက်မဲတဲ့အမှားတွေ ကျူးလွန်ခဲ့လို့ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပါ။ အခြားတစ်ဖက် မှာတော့ ကျွန်တော် အရမ်းဂုဏ်ယူမိပါတယ်။ ဒီအသင်းက တိုးတက်လာနေပြီး အလားအလာက အံ့မခန်းပါပဲ”ဟု တန်ဟက်ဂ်က ပြောကြားခဲ့သည်။
မန်ယူအသင်းသည် လက်ရှိ၌ ရာသီပြီးဆုံးရန် ခုနစ်ပွဲသာ လိုတော့သည့်အချိန်တွင် ချန်ပီယံလိဂ်ဝင်ခွင့် ပြိုင်ဘက်များဖြစ်သည့် စပါး၊ အက်စတွန်ဗီလာအသင်းများနှင့် ၁၁ မှတ်အထိ ကွာဟလျက်ရှိသည်။
မန်ယူအသင်းသည် နောက်ခံအတွင်းလူနေရာတွင် ဒဏ်ရာရသူများနေဖြင့် ဆယ်ကျော်သက် ကမ်ဝါလာကို မက်ဂွိုင်းရားနှင့် တွဲပေးခဲ့ရပြီး မိန်နူးမှာမူ အိုးလ်ထရက်ဖို့ဒ်တွင် သူ၏ပထမဆုံးဂိုးကို သွင်းယူပေးခဲ့သည်။