၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီးတွင် စပိန်အမျိုးသမီးအသင်း တိုက်စစ်ကစားသမား ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့သည့်ကိစ္စအတွက် စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF) ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှု၊ အကျပ်ကိုင်မှုတို့ဖြင့် ထောင်ဒဏ် (၂)နှစ်ခွဲ ချမှတ်ရန် အစိုးရရှေ့နေက တောင်းဆိုခဲ့ကြောင်း သိရသည်။
RFEF ဥက္ကဋ္ဌဟောင်း ရူဘီယာလက်စ်သည် ၂၀၂၃ ခုနှစ် သြဂုတ်(၂၀)ရက်က သြစတြေးလျနိုင်ငံ၌ကျင်းပသည့် အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် စပိန်အသင်း ပထမဆုံးအကြိမ် အနိုင်ရဗိုလ်စွဲပြီးနောက် ဆုပေးအပ်ချီးမြှင့်စဉ် ဟာမိုဆို၏နှုတ်ခမ်းကို နမ်းခဲ့ခြင်းဖြစ်သည်။
ယင်းအပြုအမူကို ဟာမိုဆိုအပါအဝင် စပိန်ဘောလုံးအသိုင်းအဝိုင်းနှင့် အမျိုးသမီးအားကစားလောကမှ ပြင်းထန်စွာကန့်ကွက်မှု ရင်ဆိုင်ခဲ့ရပြီးနောက် ရူဘီယာလက်စ်အနေဖြင့် RFEF ဥက္ကဋ္ဌရာထူးနှင့် ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) ဒုဥက္ကဋ္ဌရာထူးမှ စက်တင်ဘာ (၁၀) ရက်တွင် နုတ်ထွက်ခဲ့ရ သည်။
Reuters သတင်းဌာနက မြင်တွေ့ခဲ့ရသည့် တရားရုံးစာရွက်စာတမ်းအရ အစိုးရရှေ့နေဖြစ်သူ မာတာဒူရန်တက်ဇ်က ရူဘီယာလက်စ်အား လိင်ပိုင်းဆိုင်ရာစော်ကားမှုအတွက် ထောင်ဒဏ်တစ်နှစ်၊ အကျပ်ကိုင်မှုအတွက် ထောင် ဒဏ်တစ်နှစ်ခွဲ၊ စုစုပေါင်း ထောင်ဒဏ် (၂)နှစ်ခွဲချမှတ်ရန် တောင်းဆိုထားခြင်းဖြစ်ကြောင်း သိရသည်။
ထို့ပြင် ရူဘီယာလက်စ်အား ဟာမိုဆို၏အနီး မီတာ (၂၀၀) အကွာအဝေးသို့ သွားရောက်ခွင့်မပြုရန်နှင့် (၇)နှစ်ခွဲကြာ ဆက်သွယ်ခွင့်တား မြစ်ရန်၊ နစ်နာကြေး ယူရို (၅၀၀၀၀) ပေးအပ်ရန် စသည့် အချက်များကိုလည်း တောင်းဆိုထားသည်။
ဒူရန်တက်ဇ်သည် စပိန်အမျိုးသမီးအသင်းနည်းပြဟောင်း ဟော်ဟဲဗီလ်ဒါ (လက်ရှိ မော်ရိုကိုအမျိုးသမီးအသင်း နည်းပြ)၊ အားကစားဒါရိုက်တာ အဲလ်ဘတ်လူကယ်နှင့် မာကက်တင်းအဖွဲ့ခေါင်းဆောင် ရူဗန်ရီဗယ်ရာတို့ (၃)ဦးကိုလည်း အကျပ်ကိုင်မှုဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။
၎င်းတို့(၃)ဦးအနေဖြင့် ရူဘီယာလက်စ်၏အပြုအမူမှာ နှစ်ဦးသဘောတူ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုရန် ဟာမိုဆိုအပါအဝင် မိတ်ဆွေများနှင့် မိသားစုဝင်များကို အကြိမ်ကြိမ် ဖိအားပေးခဲ့ကြောင်း စွပ်စွဲထားသည်။