နာမည်ကျော် ဗြိတိန်မီဒီယာ Telegraph သည် ပရီးမီးယားလိဂ်၏ အသင်းအလိုက် တန်ဖိုးအရှိဆုံး ကစားသမားစာရင်းကို ထုတ်ပြန်ခဲ့ရာ အံ့အားသင့်ဖွယ်အချို့ ပါဝင်ခဲ့ကြောင်း သိရသည်။
Telegraph သည် ယခုစာရင်းကို ပြီးခဲ့ သည့်ရာသီအစမှ လက်ရှိအချိန်အထိ ပရီးမီးယားလိဂ်ပြိုင်ပွဲမှတ်တမ်းအပေါ်မူတည်၍ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ပါဝင်ကစားသည့်ပွဲများ၌ အမှတ်အများဆုံးရရှိသော ကစားသမားများကို တန်ဖိုးအရှိဆုံးကစားသမားအဖြစ် သတ်မှတ်ခြင်းဖြစ်သည်။
ထို့ပြင် ယခုရာသီ၌ တန်းတက်လာသည့် အသင်း(၃)သင်းမှလွဲ၍ ကျန်အသင်းများတွင် အနည်းဆုံး (၃၅)ပွဲ ကစားခဲ့သည့် ကစားသမားများကိုသာ တွက်ချက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
မန်စီးတီးအသင်းအတွက် (၄၂)ပွဲကစားခဲ့ရာ၌ တစ်ပွဲပျမ်းမျှ(၂.၅၅) မှတ်ရရှိခဲ့သည့် ဂရီးလစ်ရှ်သည် မန်စီးတီးအသင်း၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပြီး မန်ယူအသင်းအတွက် (၄၃)ပွဲ ကစားခဲ့ရာ၌ တစ်ပွဲပျမ်းမျှ (၂)မှတ်ရရှိခဲ့သည့် ကက်စီမီရိုသည် မန်ယူအသင်း၏ တန်ဖိုးအရှိဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့သည်။
အာဆင်နယ် အသင်းအတွက် တန်ဖိုးအရှိဆုံးအဖြစ် ဆာလီဘာက (၂.၃၆)မှတ်၊ လီဗာပူးလ်အတွက် ဂျိုတာက (၂.၁၅)မှတ်၊ စပါးအတွက် ရိုမဲရိုးက (၁.၈၄)မှတ်၊ ချယ်လ်ဆီးအတွက် ဂယ်လေဟာက (၁.၃၄)မှတ်ဖြင့် တန်ဖိုးအရှိဆုံးကစားသမားများ ဖြစ်ခဲ့သည်။