မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက အန်ဖီးလ်ကွင်း၌ တစ်မှတ်ရယူနိုင်ရန် ဆူနာမီကို ရင်ဆိုင်ရသည့်အခြေအနေမျိုး ကြုံခဲ့ရကြောင်းနှင့် လီဗာပူးလ်အသင်းအား ချီးကျူးကြောင်း ပွဲအပြီးတွင် ပြောကြားခဲ့သည်။
မတ် ၁၀ ရက်က ယှဉ်ပြိုင်ကစားသည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် လီဗာပူးလ်အသင်း နှင့် (၁-၁) ဂိုးဖြင့် သရေကျပြီးနောက် ဂွါဒီယိုလာက ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
လီဗာပူးအသင်းသည် ယင်းပွဲတွင် ဘောလုံးပိုင်ဆိုင်မှု ၅၃ ရာခိုင်နှုန်း၊ ဂိုးကန်သွင်းမှု ၁၉ ကြိမ် နှင့် ဂိုးပေါက်တည့်သည့်ခြိမ်းခြောက်မှု ခြောက်ကြိမ်ပြုလုပ်နိုင်ခဲ့ပြီး ပထမပိုင်းတွင် ဒါဝင်နူးနက်ဇ်၏သွင်းဂိုး လူကျွံနေသလို ဒုတိယပိုင်း ပြီးခါနီး နာကျင်အချိန်ပို နောက်ဆုံးမိနစ်တွင် ပယ်နယ်တီရနိုင်သည့်အခွင့်အရေး ငြင်းပယ်ခံရသဖြင့် နစ်နာခဲ့ရသည်။
ယင်းပွဲအပြီးတွင် ဂွါဒီယိုလာက ”ဒီကွင်းမှာ ကစားရတဲ့အခါ ကျွန်တော်တို့မှာ အခွင့်အရေးမရှိဘူးဆိုတာ ဘယ်တော့မှ မမေ့သင့်ပါဘူး။ အဲဒီလိုသိထားရတာ အရမ်းခက်ခဲပါတယ်။ ၁၀-၁၅ မိနစ်လောက်က ဆူနာမီကို ရင်ဆိုင်ရသလိုမျိုး ရှင်သန်နိုင်အောင် လုပ်ခဲ့ရတာ ကျွန်တော်တို့သိပါတယ်။ ဒါက ခက်ခဲတဲ့ ပွဲစဉ်ပါ။ အသင်းတစ်သင်းကပဲ တစ်ချိန်လုံး ထိန်းချုပ်ထားတဲ့ပွဲမျိုး မဟုတ်ပါဘူး။ လီဗာပူးလ်ကို အများကြီးချီးကျူးပါတယ်။ ဒီယှဉ်ပြိုင်မှုမှာ သူတို့လုပ်ခဲ့တာတွေက မယုံနိုင်စရာပဲဆိုတာ ထပ်ပြီးသက်သေပြနိုင်ခဲ့တယ်။ ဒီကွင်းကိုလာပြီး အနိုင်ရဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကျွန်တော်သိပါတယ်။ ကစားသမားတွေက အစွမ်းကုန်ကြိုးစားခဲ့ကြပါတယ်။ အမှတ်ရယူနိုင်ခဲ့လို့ ပြိုင်ဘက်အသင်းကို ချီးကျူးပါတယ်” ဟု ချီးကျူးပြောကြားသည်။
ထို့ပြင် ၆၉ မိနစ်တွင် လူစားလဲခံရသဖြင့် ဒေါသပေါက်ကွဲခဲ့သည့် ဒီဘရိုင်းနား၏တုံ့ပြန်မှုအပေါ် ဂွါဒီယိုလာက ”ဒီလိုမြင်ရတာ ကျွန်တော်ဝမ်းသာပါတယ်။ သူစိတ်ဆိုးတာကို ကျွန်တော်သဘောကျပါတယ်။ အဲဒါကောင်းပါတယ်။ အခုတော့ သူပျော်နေပါပြီ။ ကျွန်တော်တို့ ဘာတွေလွဲချော်နေလဲဆိုတာ သိပါတယ်။ ကျွန်တော်တို့က ဘောလုံးကိုင်ထားနိုင်ဖို့ လွဲချော်နေတာပါ။ အဲဒီလိုလုပ်အပြီး (လူစားလဲအပြီး) မှာ ကျွန်တော်တို့ ပိုကောင်းအောင် လုပ်နိုင်ခဲ့တယ်။ ဒါပေမဲ့ နားထောင်ပါ။ ကယ်ဗင် (ဒီဘရိုင်းနား) အတွက် ကျွန်တော်ပြောနိုင်တာက သူက အရေးပါပြီး ကျွန်တော်တို့ သူ့ကိုလိုအပ်တယ် ဆိုတာပါပဲ” ဟု ဆက်လက်ပြောကြားသည်။
Opta က ထုတ်ပြန်သည့် အချက်အလက်များအရ ယာဂန်ကလော့ပ်လက်ထက် အန်ဖီးလ်ကွင်း၌ ပရီးမီးယားလိဂ်ပွဲစဉ်တွေ့ဆုံမှုမှတ်တမ်းများတွင် ကလော့ပ်က လေးပွဲနှင့် ဂွါဒီယိုလာက တစ်ပွဲ အနိုင်ရကာ သုံးပွဲသရေကျထားပြီး သွင်းဂိုး (လီဗာပူးလ် ၁၃-၁၁ မန်စီးတီး)၊ ဂိုးကန်သွင်းမှု (လီဗာပူးလ် ၈၆-၉၀ မန်စီးတီး)၊ ဂိုးပေါက်တည့်သည့်ခြိမ်းခြောက်မှု (လီဗာပူးလ် ၃၀-၃၁ မန်စီးတီး)၊ ဘောလုံးပိုင်ဆိုင်မှု (လီဗာပူးလ် ၄၆-၅၄ မန်စီးတီး) ရြှိကောင်း သိရသည်။