ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်ရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် ဖေဖော်ဝါရီ ၂၉ ရက် ညပိုင်းက ဖြစ်ပွားခဲ့သည့် စားသောက်ဆိုင်မီးလောင်မှုသည် လုံခြုံရေးသတိလစ်ဟင်းမှုကြောင့်ဖြစ်ကြောင်း မီးသတ်သမားများက မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
ထိုမီးလောင်မှုဖြစ်စဉ်တွင် ဒဏ်ရာရရှိသူများရှိပြီး ဆေးရုံတွင် ကုသမှုခံယူနေသည့် လူနာများအနက် အသက်အန္တရာယ်စိုးရိမ်ရသည့် လူနာများပါဝင်နေသဖြင့် သေဆုံးသူအရေအတွက်သည် မြင့်တက်လာဖွယ်ရှိ သည်။
ဖေဖော်ဝါရီ ၂၉ ရက်က မီးလောင်မှုဖြစ်စဉ်သည် ဒါကာမြို့တော်၏ Bailey Road ရပ်ကွက်ရှိ ခုနစ်ထပ်တိုက် အဆောက်အအုံ၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် နာမည်ကြီး ဒန်ပေါက်ဆိုင်တစ်ဆိုင်တွင် စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆောက်အအုံတစ်ခုလုံး မီးစွဲလောင်ခဲ့ပြီး မီးသတ်သမားများသည် မီးကို ထိန်းချုပ်နိုင်ရန် အချိန်နှစ်နာရီကြာ ငြိှမ်းသတ်ခဲ့ရသည်။
မီးလောင်ကျွမ်းချိန်တွင် အဆိုပါ အဆောက်အအုံတွင် ဖွင့်လှစ်ထားသည့် အခြားစားသောက်ဆိုင်များ၏ မီဖိုချောင်များနှင့် လှေကားခွင်များတွင်ထားရှိသည့် ဟင်းချက်ဂက်စ်အိုးအများအပြားကြောင့် မီးလောင်မှုကို ပိုဆိုဆိုးရွားစေခဲ့သည်ဟု မီးသတ်ဌာနမှ ညွှန်ကြားရေးမှူး ရီဇာအူလ်ကာရင်မ်က အေအက်ဖ်ပီသတင်းဌာနကို ပြောကြားခဲ့သည်။
“မီးလောင်တဲ့အချိန်မှာ ဂက်စ်အိုးတွေ ပေါက်ကွဲသံတွေကို လူတွေကကြားခဲ့ရပါတယ်”ဟု ၎င်းကဆိုသည်။
အမျိုးသား မီးသတ်ဌာနအကြီးအကဲ မာအင်အူဒင်ကလည်း ထိုအဆောက်အအုံတွင် ဘေးကင်းလုံခြုံရေး စံနှုန်းများ အားနည်းကြောင်း ပြောကြားခဲ့သည်။
“အဆောက်အအုံမှာ လှေကားခွင်နှစ်ခု ဒါမှမဟုတ် အရေးပေါ်ထွက်ပေါက်တောင်မရှိပါဘူး။ လူအများစုက မီးခိုးမွှန်ပြီး သေဆုံးခဲ့တာပါ”ဟု ၎င်းက ပြောသည်။
အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ ဒန်ပေါက်ဆိုင်၏ ဂက်စ်အိုးတစ်လုံးတွင် မီးစတင်လောင်ကျွမ်းမှုမှတစ်ဆင့် ကြီးမားသည့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုမီးလောင်မှုကြောင့် သေဆုံးသူစုစုပေါင်း ၄၅ ဦးရှိပြီး ဒဏ်ရာရသူများအနက် ၁၅ ဦးခန့်သည် အသက်အန္တရာယ်စိုးရိမ်ရကြောင်း ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးရေးအရာရှိ ဘက်ချုမီယာက အေအက်ဖ်ပီသတင်းဌာန ကို ပြောကြားခဲ့သည်။
မီးလောင်ကျွမ်းခဲ့ချိန်တွင် လူပေါင်း ၅၀ ထက်မနည်းသည် အဆောက်အအုံ၏ အမိုးပေါ်တွင် စုရုံးနေခဲ့ကြပြီး ထိုလူများကို မီးသတ်တပ်ဖွဲ့အသုံးပြုသည့် ကရိန်းများဖြင့် ကယ်တင်နိုင်ခဲ့ကြောင်း ထိုခေါင်မိုးပေါ်တွင် ပိတ်မိနေသူများအနက် ပါဝင်ခဲ့သည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိပ္ပံပါမောက္ခတစ်ဦးဖြစ်သူ ကမ်ရူဇာမန် မာဂျွမ်ဒါက ပြောကြားခဲ့သည်။
မတ် ၁ ရက်တွင် ရဲတပ်ဖွဲ့စုံစမ်းစစ်ဆေးသူများသည် အဆောက်အအုံထဲတွင် စစ်ဆေးမှုများပြုလုပ်နေပြီး မီးလောင်ရသည့် အကြောင်းရင်းကို ရှာဖွေလျက်ရှိသည်။
ဘင်္ဂလားဒေ့ရှ်တွင် ဘေးကင်းလုံခြုံမှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများအားနည်းမှုနှင့် အကျင့်ပျက်ခြစားမှုများကြောင့် အဆောက်အအုံများနှင့် စက်ရုံများတွင်မကြာခဏ မီးလောင်မှုများနှင့် ပေါက်ကွဲမှုများဖြစ်ပွားခဲ့သည်။ အထူးသဖြင့် ဂက်စ်အိုးများပေါက်ကွဲမှုနှင့် ၀ိုင်ယာရှော့ဖြစ်မှုများကြောင့် မီးလောင် မှုများဖြစ်ပွားလေ့ရှိသည်။