ဗီယက်နမ်ခေါင်းဆောင်များသည် နိုင်ငံတကာကုန်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားလုံးနီးပါးကို ကန့်သတ်ပြီး အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုအောက်တွင် ဘောင်ခတ်ထားမည့် လျှို့ဝှက်ညွှန်ကြားချက်ကို ထုတ်ပြန်ခဲ့ပြီး ယင်းသည် လူ့အခွင့်အရေးကို စနစ်တကျချိိုးဖောက်မည့် နောက်ထပ်လုပ်ဆောင်ချက်တစ်ခုဖြစ်သည်ဟု လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က မတ် ၁ ရက်တွင် ပြောကြားခဲ့သည်။
Directive 24 အမည်ရှိ ထိုညွှန်ကြားချက်ကို အမေရိကန်သမ္မတဂျိုးဘိုင်ဒင်၏ ဟနွိုင်းခရီးစဉ်မတိုင်မီ နှစ်လအလိုဖြစ်သည့် ၂၀၂၃ ခုနှစ် ဇူလိုင်လက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
ဗီယက်နမ်သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရန် လုပ်ဆောင်နေချိန်တွင် အမျိုးသားလုံခြုံရေးကို စိတ်ချသေချာစေရန် ရည်မှန်းထားကြောင်း ညွှန်ကြားချက်တွင် ဖော်ပြခဲ့သည်ဟု ဗီယက်နမ်အရေးကို အာရုံစိုက်သည့် 88 Project အမည်ရှိ လူ့အခွင့်အရေးအဖွဲ့၏ သုံးသပ်ချက်တွင် ဖော်ပြခဲ့သည်။
တစ်ပါတီစနစ်ကျင့်သုံးသည့် ကွန်မြူနစ်နိုင်ငံ ဗီယက်နမ်သည် အကျိုးအမြတ်များသည့် နည်းပညာမြင့် ကုန်ထုတ်လုပ်မှုများကို ပိုမိုဖြစ်ထွန်းစေရန် စက်မှုလုပ်ငန်းကဏ္ဍကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းနေချိန်တွင် ပြည်ပရင်းနှီးမြှပ်နှံမှုများ ရရှိစေရန် တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။
Directive 24 ညွှန်ကြားချက်တွင် ပါတီနှင့် နိုင်ငံအဖွဲ့အစည်းများအတွက် အမိန့်ကိုးခုထုတ်ပြန်ခဲ့ပြီး ယင်းအမိန့်များထဲတွင် ဗီယက်နမ်နိုင်ငံသားများ၏ ပြည်ပခရီးစဉ်များကို ထိန်းချုပ်ရန်၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် လူမှုရေးလှုပ်ရှားမှုများမှတစ်ဆင့် အမျိုးသားလုံခြုံရေးကို ထိခိုက်စေနိုင်သည့် သြဇာလွှမ်းမိုးမှုရယူရန် ကြိုးပမ်းမှုများကို ဟန့်တားရန်အတွက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများကို အနီးကပ်စောင့်ကြည့်ရန် ညွှန်ကြားချက်များလည်း ပါဝင်ခဲ့သည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပ NGO များနှင့်ဆက်နွှယ်ပြီး အမျိုးသားလုံခြုံရေးအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မူဝါဒများကို တိတိကျကျ အကောင်အထည်ဖော်ရန်လည်း ညွှန်ကြားထားသည်။
ထိုညွှန်ကြားချက်ထုတ်ပြန်မှုကို တရားဝင်အတည်ပြုချက် မထွက်ပေါ်ခဲ့သော်လည်း 88 Project အဖွဲ့ကမူ နိုင်ငံပိုင်မီဒီယာ ၄၅ ခုနှင့် အစိုးရမှတ်တမ်း ၁၈ ခုထက်မနည်း၊ ဒီဇင်ဘာလက ကျင်းပခဲ့သည့် ညီလာခံတွင် ပါတီထိပ်သီးအရာရှိတစ်ဦး၏ မိန့်ခွန်းအတွင်း ထိုညွှန်ကြားချက်ကို စတင်အာဏာသက် ရောက်ကြောင်းပြောကြားခဲ့သည့် အချက်များအပေါ်ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
“ဒီညွှန်ကြားချက်ဟာ နိုင်ငံတကာ ကုန်သွယ်ရေးနဲ့ ပေူးပေါင်းဆောင်ရွက်ရေးပုံစံအားလုံးကို အမျိုးသားလုံခြုံရေးခြိမ်းခြောက်မှုတွေအဖြစ် ဘောင်ခတ်ထားတာဖြစ်ပါတယ်။ အဲဒီညွှန်ကြားချက်ဟာ လူဦးရေ သန်း ၁၀၀ ရှိတဲ့ ဗီယက်နမ်ရဲ့ လူ့အခွင့်အရေးနယ်ကို စနစ်တကျချိုးဖောက်မှုဖြစ်ပါတယ်” ဟု 88 Priject က ပြောကြားခဲ့သည်။
Directive 24 သည် နိုင်ငံတကာအသိုင်းအဝိုင်းနှင့် ဗီယက်နမ်အကြားပေါင်းစည်းမှုနှင့်ပတ်သက်ပြီး ဗီယက်နမ်ခေါင်းဆောင်များ၏ ယုံကြည်မှုမရှိသည့် အခြေအနေကို ပြသရာရောက်နေသည်ဟုလည်း ပြောကြားခဲ့သည်။
ဗီယက်နမ်ကွန်မြူနစ်အစိုးရသည် အတိုက်အခံများကို သည်းခံလေ့မရှိဘဲ လက်ရှိဗီယက်နမ်တွင် တက်ကြွလှုပ်ရှားသူ ၁၇၅ ဦး အကျဉ်းချခံထားရကြောင်း 88 Project က ပြောကြားခဲ့သည်။
အစိုးရဝေဖန်ရေးသမားများသည် ခြိမ်းခြောက်ခံရခြင်း၊ နှောင့်ယှက်ခံရခြင်း၊ အသွားအလာ ထိန်းချုပ်ကန့်သတ်ခံရခြင်းတို့နှင့် ရင်ဆိုင်နေရပြီး ၂၀၂၁ ခုနှစ်ကတည်းက သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ငါးဦးသည် အခွန်းရှောင်မှုဖြင့် အကျဉ်းချခံခဲ့ရသည်။