မန်ယူအသင်း၏ ဂိုးသမား အိုနာနာက လာမည့် မန်ချက်စတာဒါဘီပွဲစဉ်တွင် ပြိုင်ဘက် မန်စီးတီးအသင်းကို အခက်တွေ့အောင် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ် (၂၇) အဖြစ် မတ်လ (၃) ရက်တွင် မန်စီးတီးအသင်းကို အဝေးကွင်း၌ သွားရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
“ဒီပွဲက ဘယ်လောက်အရေးကြီးသလဲဆိုတာ ကျွန်တော်တို့ သိပါတယ်။ ဒါကြောင့် ဒီပွဲအတွက် အသင့်ဖြစ်အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က မန်ချက်စတာယူနိုက်တက်အသင်း ဖြစ်နေတာကြောင့်ပါပဲ။ လွယ်ကူမှာမဟုတ်ပေမဲ့ သူတို့ကို အခက်တွေ့အောင် ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ”ဟု အိုနာနာက ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် (၂၆) အပြီးတွင် ရမှတ် (၄၄) မှတ်ဖြင့် အဆင့် (၆) နေရာ၌ ရပ်တည်နေပြီး မန်စီးတီးအသင်းမှာမူ ရမှတ် (၅၉) မှတ်ဖြင့် အဆင့် (၂) နေရာ၌ ရပ်တည်နေသည်။
မန်ယူအသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပထမအကျော့ပွဲစဉ် မန်စီးတီးအသင်းကို အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် လက်ခံကစားခဲ့စဉ်က (၀-၃) ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။