မန်ယူနောက်ခံလူ လုခ်ရှောသည် ခြေထောက်ကြွက်သားဒဏ်ရာကြောင့် လအနည်းငယ်ကြာ အနားယူရမည်ဖြစ်ပြီး ယူရိုပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိကြောင်း သိရသည်။
အသက် ၂၈ နှစ်အရွယ် အင်္ဂလန်လက်ရွေးစင်ကစားသမား လုခ်ရှောသည် ဖေဖော်ဝါရီ ၁၈ ရက်က လူတန်အသင်းနှင့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ပထမပိုင်းမပြီးမီမှာပင် လူစားလဲခဲ့ရသည်။
၎င်းအနေဖြင့် ကြွက်သားဒဏ်ရာရရှိထားပြီး လအနည်းငယ်ကြာ အနားယူရမည်ဖြစ်ကြောင်း မန်ယူအသင်းက ဖေဖော်ဝါရီ ၂၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
”လုခ်ရှောက ကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ကာလရှည်အနားယူရမှာပါ။ ပြင်းထန်မှုအခြေအနေကို နောက်ထပ်စစ်ဆေးမှုလုပ်ဖို့ လိုပါသေးတယ်။ ဒါပေမဲ့ လအနည်းငယ်လောက် ကစားနိုင်မှာမဟုတ်ဘူးလို့ မျှော်မှန်းထားပါတယ်” ဟု အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
သို့ဖြစ်ရာ လုခ်ရှောအနေဖြင့် ယခုရာသီ လက်ကျန်ပွဲစဉ်များအပြင် ယူရို-၂၀၂၄ ပြိုင်ပွဲကိုပါ လွဲချော်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းဌာနများက ဖော်ပြလျက်ရှိသည်။
၎င်း၏ဒဏ်ရာမှာ မန်ယူအသင်းအတွက်လည်း ထိုးနှက်ချက်ဖြစ်ပြီး ဘယ်နောက်ခံလူစစ်စစ်မရှိတော့ဘဲ လင်ဒီလော့ဖ်ကို အသုံးပြုရဖွယ်ရှိနေသည်။