အာဆင်နယ်အသင်းသည် ၂၀၂၄ ခုနှစ်အတွင်း ပရီးမီးယားလိဂ်(၅)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် ပြက္ခဒိန်နှစ်တစ်နှစ်၏အစတွင် လိဂ်ပွဲ(၅)ပွဲဆက်တိုက် ပထမဆုံးအနိုင်ရရှိခြင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။
အာဆင်နယ်အသင်းသည် နှစ်သစ်အစ ပထမဆုံး ယှဉ်ပြိုင်ကစားသည့်ပွဲတွင် FA ဖလားပြိုင်ပွဲ၌ လီဗာပူးလ်အသင်းကို (ဝ-၂)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သော်လည်း ယင်းနောက်ပိုင်း ယှဉ်ပြိုင်ကစားခဲ့သည့် ပရီးမီးယားလိဂ်(၅)ပွဲစလုံးကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ခရစ္စတယ်ပဲလေ့စ်ကို (၅-ဝ)ဂိုး၊ နော်တင်ဟမ်ဖောရက်စ်ကို (၂-၁)ဂိုး၊ လီဗာပူးလ်ကို (၃-၁)ဂိုး၊ ဝက်စ်ဟမ်းကို (၆-ဝ)ဂိုး၊ ဘန်လေကို (၅-ဝ)ဂိုးတို့ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သည်။ အာဆင်နယ်အသင်းသည် ပရီးမီးယားလိဂ်ခေတ်တွင်သာမက ပထမတန်းပြိုင်ပွဲခေတ်တွင်ပင် ပြက္ခဒိန်နှစ် တစ်နှစ်၏အစ၌ ယခုကဲ့သို့ လိဂ်ပြိုင်ပွဲ(၅)ပွဲဆက် အနိုင်ရဖူးခြင်းမရှိသည့်အတွက် ယခုစွမ်းဆောင်ရည်မှာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် မှတ်တမ်းဝင်သွားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ယခုကဲ့သို့ (၅)ပွဲဆက်တိုက် အနိုင်ရရှိခြင်းမှာ အာဆင်နယ်အသင်းအတွက် ယခုရာသီပရီး မီးယားလိဂ်ပြိုင်ပွဲတွင် ပွဲအများဆုံးနိုင်ပွဲဆက်ခြင်းဖြစ် ကြောင်းလည်း သိရသည်။ အာဆင်နယ်အသင်းသည် နိုဝင်ဘာနှင့် ဒီဇင်ဘာလအတွင်းက (၄)ပွဲဆက်အနိုင်ရခြင်းသာရှိခဲ့ဖူးပြီး ယခု(၅)ပွဲဆက်အနိုင်ရခဲ့ခြင်းဖြစ်သည်။
အာဆင်နယ်အသင်းသည် အမှတ်ပေးပြိုင်ပွဲတွင် အဝေးကွင်းနှစ်ပွဲဆက်တိုက် (၅)ဂိုးနှင့်အထက် သွင်းယူနိုင်ခြင်းမှာလည်း အသင်း၏သမိုင်းတစ်လျှောက် ပထမဆုံး ဖြစ်ခဲ့သည်။ ထို့ပြင် ၂၀၂၁ ခုနှစ် အောက်တိုဘာလက ဝက်ဖို့ဒ်နှင့် မန်ယူအသင်းတို့ကို အဝေးကွင်းနှစ်ပွဲဆက်တိုက် (၅-ဝ)ဂိုးများဖြင့် အနိုင်ယူခဲ့သည့် လီဗာပူးလ်အသင်း နောက်ပိုင်း ပထမဆုံးစွမ်းဆောင်နိုင်သည့် အသင်းလည်း ဖြစ်ခဲ့သည်။ အာဆင်နယ်အသင်းသည် ထိပ်တန်းတိုက်စစ်မှူး ခေါ်ယူအားဖြည့်ရန် လိုအပ်သည်ဟု ဝေဖန်ခံနေရသည့် အခြေအနေတွင် နောက်ဆုံး(၅)ပွဲဆက် အနိုင်ရရှိခဲ့ရုံသာ မက အဆိုပါ(၅)ပွဲ၌ (၂၁)ဂိုးအထိ သွင်းယူနိုင်ခဲ့သော ကြောင့် နည်းပြ အာတီတာ၏ အစွမ်းအစကို ချီးကျူးမှုများလည်း ပိုမိုမြင့်တက်လာခဲ့သည်။ ထို့ပြင် နောက်ဆုံးယှဉ် ပြိုင်ခဲ့သည့် ပရီးမီးယားလိဂ်(၆)ပွဲ၌ (၇)ဂိုးသွင်းယူနိုင်ခဲ့သည့် အဓိကတိုက်စစ်ကစားသမား ဆာကာမှာလည်း ကမ္ဘာ့အဆင့်ခြေစွမ်းကို ပြသနေပြီဖြစ်ကြောင်း သုံးသပ်ချီးကျူးမှုများ ရှိနေသည်။ ဆာကာသည် ယခုရာသီတွင် အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ၌ (၁၅)ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု(၁၃)ကြိမ် ပြုလုပ်ပေးထားကြောင်း သိရသည်။ ထို့ကြောင့် ဘန်လေနှင့်ပွဲအပြီးတွင် အာတီတာက “ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ကစားသမားတွေကို ပြိုင်ဘက်ကစားသမားတွေ ခန့်မှန်းလို့မရအောင် ကြိုးစားပါတယ်။ ပြိုင်ဘက်ကစားသမားတွေအတွက် ပြဿနာတွေ ဖြစ်အောင် ဖန်တီးနိုင်မယ့်နည်းလမ်းတွေကို ရှာဖွေပါတယ်။ ဆာကာက ဒီလိုစွမ်းရည်ကို ပိုင်ဆိုင်ထားသူဖြစ်တဲ့အပြင် လေ့ကျင့်ရေးအစီအစဉ်မှာလည်း ဂိုးဧရိယာဝန်းကျင်မှာ မတူညီတဲ့အနေအထားများစွာနဲ့ လေ့ကျင့်မှုပြုလုပ်ပါတယ်။ ဒီနေ့ပွဲမှာ သူ တကယ်ကောင်းတဲ့ အဆုံးသတ်မှုနှစ်ခု ထပ်လုပ်နိုင်ခဲ့ပါတယ်” ဟု ချီးကျူးပြောကြားခဲ့သည်။
အာဆင်နယ်အသင်းသည် တိုက်စစ်ခြေစွမ်းပြကာ ရလဒ်ကောင်းများ ဆက်တိုက်ရယူနိုင်ခဲ့သည့်အတွက် အဓိကပြိုင်ဘက်များဖြစ်သော လီဗာပူးလ်နှင့် မန်စီးတီးတို့ ထက် ဂိုးကွာခြားချက်ပိုမိုများပြားသည့်အသင်းလည်း ဖြစ်လာခဲ့သည်။ အာဆင်နယ်အသင်းအနေဖြင့် ဂိုးကွာခြားချက် (+၃၆)ဂိုးရရှိထားပြီး လီဗာပူးလ်က (+၃၅)ဂိုး၊ မန်စီးတီးက (+၃၁)ဂိုးသာ ရရှိထားသည်။ အာဆင်နယ်အသင်းသည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် တည်ကန်ဘော(ပယ်နယ်တီအပါအဝင်)များမှ ဂိုးအများဆုံးသွင်းယူနိုင်သည့်အသင်းအဖြစ်လည်း စုစုပေါင်း(၂၄)ဂိုးဖြင့် မှတ်တမ်းဝင်နေပြီး အဆိုပါအရေအတွက်မှာ ၎င်းတို့အတွက် ၂၀၀၄-၀၅ ရာသီနောက်ပိုင်း အကောင်းဆုံးမှတ်တမ်းလည်းဖြစ်သည်။