မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်က မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ထိပ်ဆုံး(၄)နေရာပြိုင်ပွဲအတွင်း ပြန်လည်ရောက်ရှိလာပြီဟု လူတန်အသင်းအား အနိုင်ရရှိသည့် ပွဲအပြီးတွင် သုံးသပ်ပြောကြားခဲ့သည်။
မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် နောက်ဆုံး(၄)ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့်အတွက် အဆင့်(၄)နေရာမှ အက်စတွန်ဗီလာနှင့် (၅)မှတ်၊ အဆင့်(၅)နေရာမှ စပါးအသင်းနှင့် (၃)မှတ်သာ ကွာဟတော့သည်။ ယခုတစ်ပတ်ပွဲစဉ်တွင် စပါးအသင်း အိမ်ကွင်း၌ ရှုံးပွဲကြုံတွေ့ခဲ့ခြင်းကြောင့်လည်း ထိပ်ဆုံး(၄)နေရာအတွက် ပြိုင်ဆိုင်မှုမှာ ပိုမိုအသက်ဝင်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လူတန်နှင့်ပွဲအပြီးတွင် တန်ဟက်ဂ်က “ကျွန်တော်တို့ ထိပ်ဆုံး(၄)နေရာပြိုင်ဆိုင်မှုထဲ ပြန်ရောက်လာပါပြီ။ ကျွန်တော်တို့ ဒါကို ရယူနိုင်ဆဲပါပဲ။ ကျွန်တော်တို့ အခု ဂိုးတွေ သွင်းယူလာနိုင်တဲ့အတွက် ပျော်ရွှင်ပါတယ်။ ဒီနေ့ပွဲမှာ အခွင့်အရေးကောင်းတချို့ကို ဆုံးရှုံးခဲ့ရပေမဲ့ တိုက်စစ်ပိုင်းက ပိုပြီးထိရောက်မှုရှိလာတယ်လို့ ထင်ပါတယ်။ သူတို့က အရည်အသွေးရှိကြသူတွေဖြစ်ပြီး အခွင့်အရေးတွေ ဖန်တီးနိုင်တာကလည်း အပေါင်းလက္ခဏာဆောင်ပါတယ်။ ပွဲတိုင်းက ဗိုလ်လုပွဲလိုဖြစ်နေပြီး ခရီးရှည်ကြီးကျန်နေသေးတာကြောင့် ဖေဖော်ဝါရီလမှာတော့ ကောက်ချက်ချလို့ မရနိုင်သေးပါဘူး။ ဧပြီလဆိုရင်တော့ အခြေအနေကို သေချာပေါက်သိနိုင်ပါတယ်။ ကျွန်တော်တို့ ပြိုင်ဆိုင်မှုထဲ ပြန်ရောက်လာပြီး ထိပ်ဆုံး(၄)နေရာကို ရယူနိုင်ခြေ ရှိနေပါသေးတယ်”ဟု ပြောကြားခဲ့သည်။
တန်ဟက်ဂ်က လက်ရှိအချိန်တွင် အသင်းအနေဖြင့် နိုင်ပွဲဆက်နေသော်လည်း မိမိတို့လိုချင်သည့်ပုံစံ မရရှိသေးကြောင်းနှင့် ပွဲကို ထိန်းချုပ်နိုင်ရန် လိုအပ်နေသေးကြောင်း၊ (၂-ဝ)ဂိုးဖြင့် ဦးဆောင်နိုင်ချိန်၌ အာရုံစူးစိုက်မှုလျော့ကျသည့် ပုံစံမျိုးမြင်တွေ့ရကြောင်းလည်း သုံးသပ်ခဲ့သည်။ အသင်းအတွက် ဂိုးများဆက်တိုက်သွင်းယူပေးနေသည့် တိုက်စစ်မှူး ဟွိုင်လန်းကိုမူ လက်ရှိအချိန်၌ အလွန်ယုံကြည်မှုမြင့်မားနေ ပြီဖြစ်ကြောင်း ချီးကျူးခဲ့သည်။ “သူက စိတ်လှုပ်ရှားစရာကောင်းတဲ့ တိုက်စစ်မှူးဖြစ်ပြီး အရည်အသွေးကောင်းတွေ အများကြီး ပိုင်ဆိုင်ထားတယ်ဆိုတာ ကျွန်တော်တို့ အမြဲယုံကြည်ပြီးသား ပါ။ သူက အလွန်ငယ်ရွယ်သေးတဲ့ ကစားသမားဖြစ်သလို၊ တချို့အရာတွေနဲ့ အသားကျဖို့လည်း လိုအပ်နေပါသေးတယ်။ ပြီးတော့ သူနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေမှာ သူရော ကျွန်တော်တို့ပါ ကံမကောင်းတာတွေလည်း ရှိနေပါတယ်။ အာဆင်နယ်နဲ့ပွဲမှာ သူ ပယ်နယ်တီရသင့်သလို၊ ဘရိုက်တန်နဲ့ပွဲမှာ ဘာကြောင့်မှန်းမသိဘဲ သူ့ရဲ့သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပါတယ်။ ဒါပေမဲ့ သူက စိတ်ဓာတ်ခိုင်မာသူဖြစ်တာကြောင့် ပိုကောင်းအောင် ဆက်ကြိုးစားခဲ့ပါတယ်။ အခုတော့ ဂိုးတွေသွင်းပြီး ယုံကြည်မှုအလွန်မြင့်မားနေပါပြီ”ဟု ပြောကြားခဲ့သည်။