ရာဖာမြို့ရှိ တဲအိမ်ငယ်လေးတစ်ခုတွင် အသက် ၁၅ နှစ်အရွယ် နက်ဟမ်အယ်ရာဇီဂျီနှင့် ၎င်း၏မောင်ဖြစ်သူ အသက် ၁၄ နှစ်အရွယ် မိုဟာမက်တို့သည် အိမ်မှုကိစ္စများကို အကောင်းဆုံး စီမံခန့်ခွဲနေရသည့်အပြင် ၎င်းတို့၏ မွေးချင်းခုနစ်ဦးကို စောင့်ရှောက်ပေးလျက်ရှိကာ အ ငယ်ဆုံးညီမဖြစ်သူသည် အသက် ခြောက်လအရွယ်ဖြစ်သည်။
ယင်းကလေးများသည် လွန်ခဲ့သည့် လေးလကျော်က မိဘများကို ဆုံးရှုံးခဲ့ပြီး ညီငယ်၊ညီမငယ်များကို နိုင်ငံတောင်ပိုင်းသို့ ခေါ်ဆောင်လာခဲ့ကာ တဲအိမ်တစ်အိမ်ကို ကိုယ်ပိုင်တည်ဆောက်ပြီး နေ့စဉ်နှင့်အမျှအ တတ်နိုင်ဆုံး ရုန်းကန်နေထိုင်လျက် ရှိသည်။
တိုလန်အမည်ရှိ ညီမအငယ်ဆုံးဖြစ်သူကို ပွေ့ချီလျက်မိုဟာမက်က ဂါဇာတွင် အစ္စရေးစစ်ပွဲ၏ ပထမ ဆုံးသီတင်းပတ်အတွက် ၎င်းတို့၏ မိခင်ဖြစ်သူ အသက် ၃၇ နှစ်အရွယ် ရှော့အယ်ရာဇီဂျီကို ဆုံးရှုံးခဲ့ရသည့် အကြောင်းပြန်ပြောင်း ပြောပြခဲ့သည်။
“အဲဒီနေ့မှာ အမေက အနီးအနားမှာရှိတဲ့ အဘိုးအိမ်ကို သွားလည်မှာ ဖြစ်တဲ့အတွက် အဲဒီတုန်းကသုံး လသားပဲရှိသေးတဲ့ တိုလန်ကိုစောင့်ရှောက်ပေးဖို့ ကျွန်တော့်ကိုမှာခဲ့ပါတယ်”ဟု မိုဟာမက်က ဆိုသည်။
ရှော့သည် ၎င်း၏မိဘအိမ်သို့ သွားရောက်ချိန်တွင် ဘေးအိမ်သည် ဗုံးထိမှန်သောကြောင့် အနီးဝန်းကျင်ရှိ နေအိမ်များတွင် နေထိုင်သူများ အားလုံးသေဆုံးခဲ့သည်။၎င်း၏ ခင်ပွန်းဖြစ်သူနှင့်ကလေးများသည် ထို သတင်းကို ညနေခင်း၌ ကြားသိခဲ့ရသည်။
“ကျွန်တော်တို့ရဲ့အမေကို ထပ်မတွေ့ရတော့ဘူးဆိုတာကို သိလိုက်တဲ့အချိန် အတော်လေးဝမ်းနည်းပူ ဆွေးခဲ့ရတယ်”ဟု မိုဟာမက်က ပြန်လည်ပြောပြခဲ့သည်။
ရှော့သေဆုံးခဲ့ပြီးနောက် ၎င်းတို့မိသားစုသည် လုံခြုံရေးအတွက် ပိုမိုစိုးရိမ်လာသည့်အပြင် ရှော့မရှိဘဲ အသက်ရှင်ရပ်တည်နိုင်ရန် ရုန်းကန်ခဲ့ကြရသည်။
ဘေးကင်းသည့်နေရာကို ရှာဖွေရန်အတွက် ၎င်းတို့၏ဖခင်သည် ကလေးများကို အယ်ရှီဖာဆေးရုံသို့ ခေါ်ဆောင်သွားခဲ့သည်။သို့သော် ဆေးရုံတွင် လူများပြည့်ကြပ်နေခြင်းနှင့် သန့်ရှင်းမှုမရှိသည့်အပြင် အရာ ရာပြတ်လပ်နေခြင်းတို့ကြောင့် အခြေအနေများ ပိုမိုဆိုးရွားခဲ့သည်။
ထို့ကြောင့် ၎င်းတို့သည် တောင်ပိုင်းသို့ ထွက်ပြေးရန်ဆုံးဖြတ်ခဲ့ပြီး ကလေးများ၏ ဖခင်သည် ခရီးအတွက် ပြင်ဆင်ရန် စတင်လုပ်ဆောင်ခဲ့သည်။
“ကျွန်တော့်အဖေက အဲဒီနေ့တုန်းက အိမ်ခဏပြန်ပြီးလိုအပ်တဲ့ ပစ္စည်းတွေ သွားယူခဲ့ပါတယ်။ဒါပေမဲ့ ကျွန်တော်တို့ဆီ ဘယ်တော့မှ ပြန်မလာနိုင်ခဲ့ဘူး”ဟု မိုဟာမက်က ပြောကြားခဲ့သည်။“ကျွန်တော်တို့အဖေနဲ့ အဆက်အသွယ်ပြတ်သွားခဲ့ပြီး သူ့ရဲ့ကံကြမ္မာကို မသိရှိခဲ့ပါဘူူး”ဟု ဆိုသည်။
၎င်းတို့၏ ပျောက်ဆုံးသွားသော ဖခင်ဖြစ်သူအပေါ် စိုးရိမ်မှုများရှိနေသည့်ကြားမှ အကြီးဆုံးအကိုဖြစ်သူသည် အခြေအနေများ ပိုမိုဆိုးရွားလာသည်ကို နာကျင်စွာ သတိပြုမိခဲ့ပြီး အငယ်များကို ကာကွယ်ရန် တစ်ခုခုလုပ်ရမည်ဟု ဆုံးဖြတ်ခဲ့သည်။
“အဲဒါကြောင့် ကျွန်တော်တို့ဦးလေးနဲ့အတူ တောင်ပိုင်းကိုထွက်ပြေးခဲ့ပါတယ်”ဟု ဆိုသည်။
၎င်းတို့၏ ဦးလေးဖြစ်သူသည် သူတို့နှင့်အတူမနေထိုင်ပေ။သို့သော် သူသည် တဲအိမ်ဆောက်ပေးရာတွင် အကူအညီပေးခဲ့ပြီး အချိန်တိုင်း လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ကူညီပေးနေသည်။
“ကျွန်တော် ရေနဲ့အကူအညီတွေ၊ ပေါင်မုန့်တွေရဖို့ မနက်တိုင်း တန်းစီပါတယ်။ကျွန်တော်မီးမွှေးပြီး ညီမလေးကို ဖော်မြူလာတိုက်ဖို့အတွက် ရေနွေးကြိုပါတယ်”ဟု မိုဟာမက်က ပြောပြခဲ့သည်။
အစ်မအကြီးဆုံးဖြစ်သူနက်ဟမ်က “အဖေနဲ့အမေနဲ့ မရှိတဲ့ဘဝက ပုံမှန်အခြေအနေတိုင်းဆိုရင် တောင်မှ တော်တော်ကို ခက်ခက်ခဲခဲ ရုန်းကန်ရမှာဖြစ်ပါတယ်။ အခုလို ဆိုးရွားတဲ့ စစ်ပွဲတွေ ဖြစ်နေချိန်မှာဆိုရင် ပိုဆိုးတာပေါ့”ဟု ပြောကြားခဲ့သည်။
မိုဟာမက်သည် အသက်အရွယ် ငယ်ရွယ်သည့်တိုင် မိသားစုအတွက် သူ့ဖခင်လုပ်ပေးခဲ့သည့် အရာများထဲမှ သူလုပ်နိုင်သည့်အရာ မှန်သမျှကို ကြိုးကြိုးစားစား လုပ်ဆောင်ပေးနေသည်။
“တစ်ခါတစ်လေမှာ ကျွန်တော်တို့မှာ စားစရာမရှိတော့ဘူးဆိုရင် ကျွန်တော် အပြင်ထွက်ပြီး အလုပ် လုပ်ပါတယ်။ ကျွန်တော်ညီအစ်ကို မောင်နှမတွေအတွက် ငွေလိုပါတယ်။ ဒါပေမယ့် တစ်ခါတစ်လေမှာတော့ ငွေမရဘဲ အိမ်ပြန်လာရတဲ့ နေ့တွေလည်းရှိပါတယ်။ အဲဒီနေ့တွေဆိုရင်တော့ သူတို့လည်း ရေသောက်၊ ဗိုက်မှောက်ပြီး အိပ်ရတော့တာပါပဲ”ဟု မိုဟာမက်က ပြောကြားခဲ့သည်။