ယူကရိန်းကို စစ်ဆင်နွှဲလိုက်မှုအပေါ် ဝေဖန်ဆန့်ကျင်သူများအား ပိုင်ဆိုင်မှု သိမ်းပစ်နိုင်သည့် ဥပဒေကို ရုရှားသမ္မတဗလာဒီမာပူတင်က ဖေဖော်ဝါရီ ၁၄ ရက်တွင် လက်မှတ်ရေးထိုးလိုက်သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် ယူကရိန်းကိုစစ်ဆင်ရေးပြုလုပ်လိုက်ပြီးနောက် တင်းကျပ်သည့်ဥပဒေများ ပြဌာန်းကာ စစ်ဆင်ရေးကို လူသိရှင်ကြား ဆန့်ကျင်ပြောဆိုသူများအား ရုရှားအစိုးရက ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့သည်။
ယခုဥပဒေက ထိုဝေဖန်ရေးသမားများ၏ ငွေကြေး၊ ပစ္စည်းဥစ္စာနှင့် ပိုင်ဆိုင်မှုများကို အာဏာပိုင်များက သိမ်းယူခွင့်ရှိသည်။ တိုင်းပြည်မှထွက်ပြေးသွားသော်လည်း ပိုင်ဆိုင်မှုများကျန်ခဲ့သည့် ရုရှားပြည်ပြေးများကို ထိုဥပဒေဖြင့် ပစ်မှတ်ထားနိုင်ခြေရှိသည်။
ရုရှားလွှတ်တော်က ဥပဒေမူကြမ်းကို ထောက်ခံလိုက်ပြီး နှစ်ပတ်အကြာတွင် သမ္မတပူတင်က လက်မှတ်ထိုးပေးလိုက်ခြင်းဖြစ်သည်။ အမိမြေကို သစ္စာဖောက်သည့် သစ္စာဖောက်များအတွက် ရည်ရွယ်သည့်ဥပဒေဟု လွှတ်တော်ဥက္ကဌ Vyacheslav Volodin က ပြီးခဲ့သည့်လက ပြောသည်။
ယူကရိန်းစစ်ပွဲစတင်မှု နှစ်နှစ်ပြည့်မတိုင်မီနှင့် ရုရှားသမ္မတရွေးကောက်ပွဲမတိုင်မီ တစ်လအလိုတွင် ဥပဒေ အသက် ဝင်လာခြင်းဖြစ်သည်။