မိုးလေဝသအခြေအနေဆိုးရွားနေခြင်းကြောင့် ယခုသီတင်းပတ်အတွင်း ပစ်လွှတ်ရန်စီစဉ်ထားသော ဂျပန်မျိုးဆက်သစ်အာကာသယာဉ် လွှတ်တင်မှုကိုရွှေ့ဆိုင်းခဲ့သည်ဟု ဖေဖော်ဝါရီ ၁၃ ရက်တွင် ဂျပန်အာကာသအေဂျင်စီက ပြောကြားခဲ့သည်။
ယခင်ကြိုးပမ်းမှု နှစ်ကြိမ်သည် အောင်မြင်မှုမရဖြစ်ခဲ့ပြီးနောက် ယခုတစ်ကြိမ်တွင်လည်း ဂျပန်က အာကာသယာဉ်ပစ်လွှတ်မှုကို မိုးလေဝသအခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။
H3 အာကာသယာဉ်ကို ဖေဖော်ဝါရီ ၁၃ ရက်တွင် တောင်ပိုင်းတာနီဂါရှီးမားကျွန်းမှ ပစ်လွှတ်ရန် စီစဉ်ထားခဲ့သည်။
လိုက်လျောညီထွေရှိပြီး ကုန်ကျစရိတ်သက်သာသည်ဆိုသော မျိုးဆက်သစ်အာကာသယာဉ်သည် မစ်ရှင်အတွင်းအသေးစားဂြိုဟ်တုနှစ်လုံးကို သယ်ဆောင်သွားမည်ဖြစ်သည်။ မျိုးဆက်သစ်အာကာသယာဉ် သည်အဆိုပါ ဂြိုဟ်တုငယ်နှစ်လုံးကို ကမ္ဘာပတ်လမ်းထဲသို့ ပို့ဆောင်ပေးနိုင်သည်ဆိုခြင်း ကိုသက်သေပြ ရန်ရည်ရွယ်ခြင်းဖြစ်သည်။
“ပစ်လွှတ်မယ့်နေ့မှာ မိုးလေဝသဟာ အခြေအနေဆိုးမယ်လို့ ကျွန်တော်တို့ခန့်မှန်းထားတာကြောင့် အာကာသယာဉ် ပစ်လွှတ်တာကို ကျွန်တော်တို့ ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်”ဟု ဂျပန်အာကာသစူးစမ်းလေ့လာရေးအေဂျင်စီ(JAXA)က ပြောကြားခဲ့သည်။ ဆုံးဖြတ်ချက်ချပြီးသည်နှင့် တစ်ပြိုင်တည်း ပစ်လွှတ်မည့်ရက်စွဲသစ်ကို ကြေညာမည်ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ဂျပန်သည် လွန်ခဲ့သောလက Moon Sniper ဟုနာမည်ပြောင်ပေးထားသော SLIM အာကာသယာဉ်ကို လမျက်နှာပြင် ပေါ်သို့ဆင်းသက်စေရာတွင် အောင်မြင်မှုရရှိခဲ့သည်။ သို့ရာတွင် အာကာယာဉ်၏ ဆိုလာ ပြားများသည် အမှားအယွင်းများကြုံတွေ့ခဲ့ရသည်။
ယင်းမတိုင်မီက ဂျပန်သည် အာကာသမစ်ရှင်များ၌ မအောင်မြင်မှုများကို ရင်ဆိုင်ခဲ့ရသည်။
အဆိုပါ မအောင်မြင်မှုများထဲတွင် လွန်ခဲ့သောနှစ် ဖေဖော်ဝါရီလတွင် ပထမဆုံး H3 အာကာသာဉ်ပစ်လွှတ်ရန် ကြိုးပမ်းမှု ပါဝင်ခဲ့သည်။ H3 ပစ်လွှတ်မှုသည်နှစ်အတန်ကြာ ကြန့်ကြာမှုများဖြစ်ခဲ့ရပြီးနောက်လောင်စာ တွန်းကန်ပြဿနာဖြစ်ခဲ့သဖြင့် ပစ်လွှတ်မှုကို စွန့်လွှတ်ခဲ့ရသည်။
ထို့နောက် မတ်လထဲတွင် ဒုတိယအကြိမ်ကြိုးစားရာတွင်လည်း ကွပ်ကဲရေးစင်တာက ယင်းအာကာသယာဉ်၏မစ်ရှင် အောင်မြင်မှုမရနိုင်ဟု ကောက်ချက်ချခဲ့ပြီးနောက် အာကာသယာဉ်ကို ဖျက်ဆီးပစ်ရန် ညွှန်ကြားခဲ့ရသည်။ ထို့ကြောင့် အာကာသယာဉ်သည် ကိုယ့်ဘာသာကိုယ်ဖျက်ဆီးပစ်ခဲ့ရသည်။
မစ်ဆူဘီရှီ အကြီးစား စက်မှုလုပ်ငန်းက ထုတ်လုပ်သော H3 အာကာသယာဉ်သည် ၂၀၀၁ ခုနှစ်တွင် ပထမဆုံးပစ်လွှတ်ခဲ့သော ဂျပန်၏ H-IIA ပစ်လွှတ်စနစ်ကို ဆက်ခံသောအာကာသယာဉ်ဖြစ်ကြောင်း သိရသည်။
ဂျပန်၏ Moon Sniper အာကာသယာဉ်သည် နောက်ဆုံးမိနစ်တွင် အင်ဂျင်ပြဿနာပေါ်ခဲ့လင့်ကစား လပေါ်ကို ဆင်းသက်ခဲ့သည်။
ထို့ကြောင့် ဂျပန်သည် လပေါ်ကို အာကာသယာဉ်ဆင်းသက်သည့် ပဥ္စမြောက်နိုင်ငံဖြစ်လာခဲ့သည်။ အမေရိကန်ပြည်ထောင်စု၊ ဆိုဗီယက်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယတို့သည် ယခင်က လပေါ်ကို အာကာသ ယာဉ်များအား ညင်ညင်သာသာ ဆင်းသက်စေခဲ့သောနိုင်ငံများဖြစ်သည်။