ရာထူးသက်တမ်းကုန်ဆုံးတော့မည့် သမ္မတ ဂျိုကိုဝီဒိုဒိုသည် ယခုသီတင်းပတ်ထဲတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် သမ္မတလောင်း ပရာဘိုဝိုဆူဘီယန်တို အလေးသာစေရန်အတွက် မဲဆန္ဒရှင်များကို စိုးမိုးခြယ်လှယ်ရန် အာဏာအလွဲသုံးစားလုပ်နေသည်ဟု စွပ်စွဲလျက်ရာနှင့်ချီသည့် အင်ဒိုနီးရှား ကျောင်းသားများနှင့် တက်ကြွလှုပ်ရှားသူများက ဖေဖော်ဝါရီ ၁၂ ရက်တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့သည်။
လက်ရှိသမ္မတ ဝီဒိုဒိုသည် ၎င်း၏အရိုက်အရာဆက်ခံမည့် သမ္မတလောင်းသုံးဦးအနက် မည်သူ့ကိုထောက်ခံကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုထားခြင်းမရှိပေ။
သို့သော် ၎င်းသည် ကာကွယ်ရေးဝန်ကြီးပရာဘိုဝိုနှင့်အတူ လူအများရှေ့မှောက်တွင် ထွက်ပေါ်လာလေ့ရှိကာ ဝီဒိုဒို၏ အကြီးဆုံးသားဖြစ်သူမှာလည်း ဒုသမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံမည်ဖြစ်သည်။
ကမ္ဘာ့တတိယအကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားတွင်လာမည့်ဖေဖော်ဝါရီ ၁၄ ရက်၌ သမ္မတရွေးကောက်ပွဲနှင့် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲများကို ကျင်းပမည်ဖြစ်ကာ မဲပေးခွင့်ရှိသူ ၂၀၅ သန်းနီးပါးရှိသည်။
ကာကွယ်ရေးဝန်ကြီး ပရာဘိုဝို ဆူဘီယန်တို၊ အလယ်ပိုင်းဂျာဗားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း ဂန်ဂျာ ပရာနို၀ိုနှင့် ဂျာကာတာ အုပ်ချုပ်ရေးမှူးဟောင်း အနီးစ်ဘာစ်ဝီဒန်တို့က ရာထူးမှထွက်ခွာတော့မည့် သမ္မတ ဂျိုကိုဝီဒိုဒို၏ နေရာကိုဆက်ခံနိုင်ရန် အပြိုင်အဆိုင်ကြိုးပမ်းသွားမည်ဖြစ်သည်။
ပြီးခဲ့သည့် သီတင်းပတ်တွင် ထုတ်ပြန်ခဲ့သည့် သဘောထားစစ်တမ်းနှစ်စောင်တွင် ပရာဘိုဝိုသည် ဖေဖော်ဝါရီ ၁၄ ရက် ရွေးကောက်ပွဲတွင် ဆန္ဒမဲအရေအတွက် ၅၀ ရာခိုင်နှုန်းကျော် ရနိုင်သည့်အတွက် ၎င်းသည် တစ်ကျော့တည်းဖြင့် အနိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားသည်။
၎င်း၏ပြိုင်ဘက်များဖြစ်သည့် အနီးစ်ဘာစ်ဝီဒန်နှင့် ဂန်ဂျာပရာနို၀ိုတို့သည် ၎င်းနှင့် အနည်းဆုံး ပွိုင့် ၂၀ ခန့် ပြတ်ကျန်နေခဲ့သည်။
ဝီဒိုဒိုသည် ဘက်လိုက်မှုရှိနေသည်ဟု မဲဆန္ဒရှင်အချို့က ယူဆနေပြီး ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကို မမျှမတ အခွင့်အရေးပေးခြင်းသည် အင်ဒိုနီးရှား၏ ဒီမိုကရေစီစနစ်ကို ထိခိုက်စေသည်ဟု ၎င်းတို့က ပြော ကြားခဲ့သည်။
ဖေဖော်ဝါရီ ၁၂ ရက်က အင်ဒိုနီးရှားကျောင်းသားများသည် ဂျာဗားကျွန်းရှိ ယိုဂျာကာတာမြို့တွင် စုဝေးပြီး ၀ါးတူရိယာများတီးကာ “ဂျိုကိုဝီနှင့် သူ၏ခရိုနီများကို တရားဥပဒေအတိုင်း စီရင်ပါ”ဟု ရေးသားထားသည့် ပိုစတာများကိုင်ဆောင်လျက် ဆန္ဒပြခဲ့သည်။
“ဂျိုကိုဝီကို တစ်ချိန်က မျှော်လင့်ချက် ရောင်ခြည်သစ်လို့ခေါ်ခဲ့ပေမဲ့ ကျွန်တော်တို့သူ့ကို ကပ်ဘေးအသစ်လို့ခေါ်ပါ့မယ်”ဟု ဆန္ဒပြသူတစ်ဦးက ဆိုသည်။
ဆန္ဒပြပွဲ စီစဉ်သူတစ်ဦးဖြစ်သည့် အက်စီဂီဂျာယန်ကလည်း သမ္မတဂျိုကိုဝီဒိုဒိုက ကျင့်ဝတ်ဖောက်ဖျက်မှုသည် လူထု၏ဝေဖန်သံများကို ဆန့်ကျင်နေခြင်းအား ပြသနေသည်ဟု Instagram တွင် ရေးသားခဲ့သည်။
လူ့အခွင့်အရေးအဖွဲ့များကလည်း မြို့တော်ဂျာကာတွင် ဆန္ဒပြပွဲထပ်မံပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
အင်ဒိုနီးရှားသမ္မတရုံးကမူ သမ္မတအနေဖြင့် နိုင်ငံရေးအရ ကြားဝင်စွက်ဖက်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။
အင်ဒိုနီးရှား၏ စုံစမ်းဖော်ထုတ်ရေး သတင်းသမားတစ်ဦးက ရဲတပ်ဖွဲ့နှင့် ဒေသန္တရခေါင်းဆောင်များ အပါအဝင် အစိုးရတာဝန်ရှိသူများသည် ပရာဘိုဝိုအလေးသာစေရန် လူမှုဖူလုံရေးအရင်းအမြစ်များကို အသုံးချခဲ့သည်ဟု စွပ်စွဲထားသည်။